"အမိစစ်တက္ကသိုလ်၏ ၅၁ ယောက်မြောက်သားများရဲ့ အတွေ့အကြုံနှင့် ခံစားချက်၊ သုတ၊ ရသ တို့ ဝေမျှရာ..."

သားကောင်ရှာ မုဆိုးတစ်သိုက်ရဲ့ မြေဇာပင်လေးများ

လူရယ်လို့ဖြစ်လာရင် ကိုယ့်အတ္တတွေ ၊သင်္ခါရတွေ ၊ မာနတွေနဲ့ နပန်းလုံးရင်း ဘ၀ဆိုတဲ့ တိုက်ပွဲကြီးကို မလွဲမသွေ ရင်ဆိုင်ကြရမှာပါ.. ဒါ့ပေမယ့် ကျနော်တို့ဘ၀က သူတစ်ပါးအတ္တတွေ ၊ အငြိုးတွေ ၊ မကျေနပ်ချက် တွေကြားမှာ ခိုးကိုးရမဲ့ အသက်ရှူခဲ့ရတာပါ..။ အဖွဲ့အစည်းတစ်ခုရဲ့ အလိုရမ္မက် ဒါမှမဟုတ် နှစ်ဦး နှစ်ဖက် မသင့်မြတ်မှုတွေက အစပြုပြီး ယမ်းခိုးတွေဝေနေခဲ့ရတဲ့ မွေးရပ်မှ ဝေးရာကို တိမ်းရှောင်ရင်း အခြားသူတွေရဲ့ သနားညှာတာမှုအောက်မှာ သဒ္ဒါပိုလို့ ယိုဖိတ်မေတ္တာတွေမှီဝဲနေရရှာတဲ့ ဒုက္ခသည်ဘ၀ကို မလိုချင်ဘဲ ရောက်ခဲ့ ရတာပေါ့…။

ကျနော့်သားနဲ့သမီးဟာ အဖြစ်ဆောက်ထားတဲ့ မိုးမလုံ၊နေမလုံ အိမ်လေးရဲ့နဘေးမှာ အပူပင်ကင်းမဲ့စွာ ဆော့ကစားနေပါတယ်…။ကျနော်ထင်တယ် သူတို့တွေရဲ့ စိတ်ညစ်ချိန်ဆိုလို့ ရံဖန်ရံခါ ထမင်း၀၀လင်လင် မစားရတဲ့နေ့နဲ့ ညအချိန်မတော် သေနတ်တွေကြောင့် ထပြေးရတဲ့နေ့တွေလောက်ပဲထင်ပါတယ်…။ လွတ်လပ်မှုတွေ ၊ချုပ်နှောင်မှုတွေ ၊ ခိုကိုးရမဲ့ ဒုက္ခသည်ဘ၀ဆိုတာတွေကို သူတို့နားမလည်ပါဘူး..။ အချိန်တန်ရင် စားမယ် ၊ အိပ်မယ် ၊ ကစားမယ် ဆိုတာဟာ သူတို့ ဒီကမ္ဘာကြီးတစ်ခုလို သတ်မှတ်ထားတယ် ထင်ပါရဲ့..။ ဖြစ်နိုင်ပါတယ်လေ သူတို့တွေဟာ အင်မတန် အပူပင်ကင်းတဲ့ ဖြူစင်နုနယ်အရွယ်တွေမို့ပေါ့..။

ကျနော်က ဘ၀အတွက် လောဘတစ်ကြီး မျှော်လင့်ချက်တွေကို သိမ်းပိုက်ခွင့်မရခဲ့ပါဘူး..။သားသမီး တွေရဲ့ အနာဂတ် အလင်းရောင်ကို ထွန်းညှိဖို့လဲ အခွင့်မသာခဲ့ပါဘူး…။ကျနော်တို့ မိဘတိုင်းဟာ သားသမီးတွေ ကို ဆင်စီးပြီး မြင်းရံတာကို ပဲမြင်ချင်ကြတယ် မဟုတ်လား…။ဒါပေမယ့် ကျနော့်သားသမီးတွေရဲ့ ရှေ့ရေး အတွက် ဆင်စီး နိုင်ဖို့ထက် ဆင်းနင်းမခံရဖို့ ၊ မြင်းရံနိုင်ဖို့ထက် မြင်းကန်မခံရဖို့ ကိုပဲ ဘုရားသခင်ထံ တောင်းဆု ပန်နေရမှာပါ…။
ပညာတတ်မှ လူရာဝင်တယ် ၊ ပညာတတ်မှ လုတန်းစေ့တယ်ဆိုတဲ့ စကားလုံးဟာ ကျနော့်သား နဲ့သမီးရဲ့ နှုတ်က ကျောင်းသွားချင်တယ်လို့ ရင်ဖွင့်လာတိုင်း မျက်ရည်တွေ စို့မိပါတယ် …ဆောင်းတွင်းရဲ့ ညတာရှည်နေ့တွေမှာ အရမ်းအေးတယ်လို့ ညည်းတိုင်း ၊ အရှိန်းပြင်းတဲ့ မိုးညတွေမှာ ခေါင်မိုးမလုံတဲလေးကို အိမ်အကြီးကြီး ဆောက်ပေးပါလားလို့ပြောလာတိုင်း ကိုယ့်တောင်ယာကို မလုပ်နိုင်ပဲ ယခုလို စစ်ဘေးဒဏ်ကြောင့် မိသားစုနဲ့အတူ ထွက်ပြေးနေရတဲ့ ဘ၀ကို စိတ်နာမိပါတယ်..။

ကျနော်စဉ်းစားမိတယ်..။ဘာ့ကြောင့် ကံကြမ္မာက ကျနော်တို့နေရာလေးကို ကွက်ကြားမိုးတွေရွာပြီး မုန်တိုင်းတွေထန်နေရတာလဲ ..နိုင်ငံတော်သမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို ကြားရတိုင်း ကျနော်အားတက်မိပါတယ်..။ တိုင်းရင်းသား လက်နက်ကိုင်တွေ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်မှု့တွေကို မြင်ရတိုင်း မျှော်လင့်ချက်တွေ ရောင်နီသန်းလုပြီဆိုပြီး ပျော်ရွှင်မိပါတယ်…ဒါပေမယ့် ကျနော့်ရဲ့ ပျော်ရွှင်မှု တွေဟာ အမခုထက်ထိတော့ အရာမထင်သေးပါဘူး..။

စစ်ပွဲတွေကို တစ်ဖက်သတ်ဖန်တီး လုပ်ကြံတယ်လို့ ကျနော် မသတ်မှတ်ချင်ပါဘူး..စစ်သားတွေဆိုတာ တိုက်ခိုက်ဖို့သက်သက် မွေးဖွားလာသူတွေ မဟုတ်ဘူးဆိုတာ ကျနော်ယုံကြည်ပါတယ်..။သူတို့တွေဟာ လူအဖွဲ့အစည်းတစ်ခု (သို့မဟုတ်) လူတွေအများကြီးအတွက် အသက်နဲ့ခနာကို လောင်းကြေးထပ်ပြီး ဘယ်သူမှ မလုပ်နိုင်တဲ့ မလုပ်ချင်တဲ့ အလျော်စားပြင်းပြင်းနဲ့ စွန့်လွှတ်ခြင်းတွေကို တန်ဖိုးထားပေးဆပ်နေရတဲ့ သူတွေပါ….။
သူတို့တွေဟာ ငြိမ်းချမ်းရေးကို အမြဲတမ်း ဆာလောင်နေသူတွေ … တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်နေချင်သူတွေ … စစ်ပွဲရဲ့ အနိဌာ အာရုံတွေကို အမုန်းတီးဆုံး သူတွေ ၊ ကိုယ်ချင်းစာစိတ်ကြီးမားတဲ့ သူတွေဆိုတာ ကျနော်ယုံပါတယ်..ဒ့ါကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ ရှေ့တန်းကျကျ ပါဝင်ခဲ့သလို ၊ တိုင်းပြည်အတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးတွေမှာ မိုးရွားမရှောင် ၊ နေပူမရှောင် ထမ်းဆောင်ခဲ့တယ်ဆိုတာ သက်သေတွေပဲ မဟုတ်လား…။

ကျနော် ဥာဏ်မီသလောက်နဲ့ သိရသလောက်ဆိုရရင် မြန်မာနိုင်ငံရဲ့ မငြိမ်းချမ်းတဲ့ နေရာ ၊ ဒုက္ခသည် အပေါများဆုံးနေရာဟာ ကျနော်တို့နေတဲ့ ဒီကချင်ပြည်နယ်မှာပဲ ဖြစ်နေကြတာပါ..။အခြားပြည်နယ်တွေနဲ့ ဒေသတွေမှာဆိုရင် မရှိသလောက်ပါပဲ…ကျနော်ဟာ ကချင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းလာတဲ့အတွက် ကချင်ပြည်နယ်ကို ချစ်ပါတယ် ..ကိုယ့်ဇာတိချက်ကြွေမို့ သံယောဇဉ်ကြီးသလို တန်ဖိုးလဲထားပါတယ်…။ ကေအိုင်အေဟာ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးအတွက် တိုက်ပွဲဝင်နေတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းလို့လဲ ထင်ပါတယ်…ဒါပေမယ့်ပေါ့ ကချင်ပြည်နယ်ကြီး တိုးတက်ဖို့ ကချင်လူမျိုးတွေ ကောင်းစားဖို့တကယ် လိုလားတယ်ဆိုရင် အခုလို လက်နက်ကိုင်ဖြေရှင်းဆောင်ရွက်နေတာဟာ မှန်ကန်တဲ့ လုပ်ရပ်လို့ သတ်မှတ်နိုင်ပါသလား…စားပွဲဝိုင်းပေါ်က တောင်းဆိုချက်တွေကို မလိုက်လျောနိုင်လို့ အခုလို မကျေနပ်မှုတွေ မသင့်မြတ်မှုတွေအတွက် ကျနော့်တို့ဘ၀တွေ ကျနော်တို့ အနာဂတ်တွေဟာ သားကောင်ရှာ မုဆိုးတစ်သိုက်ရဲ့ မြေဇာပင် ဖြစ်နေရတာဟာ တရားမျှတယ်လို့ ထင်ပါသလား… အခြားနိုင်ငံ ၊ အခြားအဖွဲ့အစည်းတွေ သဒ္ဒါပိုလို့ ယိုဖိတ်တဲ့ မေတ္တာပေးဝေမှုတွေ သနားလို့ ပေးကျွေးထားတာတွေ၊ စာနာလို့ ထောက်ပံ့တာတွေကို ကိုယ့်လူမျိုးအချင်းချင်း ဝေမျှစားမယ်ဆိုပြီး တစ်ခြမ်းဖဲ့ယူသွားတာတွေက ညီမျှတယ်လို့ ထင်ပါသလား ..။

ထားလိုက်ပါလေ… ဒီလိုဖြစ်ရပ်တွေအတွက် ကျနော်တို့တတွေကိုယ်တိုင် တောင်းဆုတွေမှားခဲ့လို့၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ စောင့်ရှောက်မှုတွေက မလုံလောက်ခဲ့ဘူးလို့ဆိုပြီး သတ်မှတ်ခဲ့ရင်တောင် ဘာပဲဖြစ်ဖြစ်ပေါ့ အခုထက်ထိ မငြိမ်းချမ်းနိုင်သေးပေမယ့် ငြိမ်းချမ်းရေးဆိုတာကို ကျနော်နှင့်အတူ ကျနော့်မိသားစုတွေဟာ ဘုရားပေးတဲ့ဆုအဖြစ် တောင့်တနေဆဲပါ…..

(လွမ်းဝေ)

ငြိမ်းချမ်းပါစေ မြန်မာပြည်



ကေအိုင်အေ
တို့တစ်တွေဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီင်္း တစ်မိုးအောက်မှာ အသက်ရှူခွင့်ရကြတဲ့ တိုင်းရင်းသား ညီအကိုတွေပါ …။ မင်းတို့ဆီက အစပြုတဲ့ မြစ်မင်းဧရာဆိုတာ ငါတို့မြန်မာနိုင်ငံရဲ့ အသက်သွေး ကြောတစ်ခုအဖြစ် ဂုဏ်ယူကြသလို ကချင်လူမျိုး ၊ ကချင်တိုင်းရင်းသား ဆိုတာကလဲ ငါတို့နှလုံးသားတွေထဲက ထာဝရ ညီအကိုတွေပါ..။

ငါတို့ဆိုတာက…
တိုင်းရင်းသား ညီအကိုတွေ စုပေါင်းနေထိုင်တဲ့ အမိမြေကို ကာကွယ်ဖို့၊ ငါတို့သင်နေတဲ့ စစ်ပညာနဲ့ ငါတို့ကိုင်တွယ်နေရတဲ့ လက်နက်ဆိုတာတွေက ငါတို့တိုင်းပြည်ကြီးကို ကျူးကျော်လာတဲ့ တိုင်းတစ်ပါး သားတွေကို သုတ်သင်ဖို့ ၊မင်းတို့တစ်တွေက တိုင်းတစ်ပါးသားတွေ မဟုတ်ကြသလို ငါတို့ရဲ့ ရန်သူတွေလို့လဲ မသတ်မှတ်ခဲ့ပါဘူး …အခြေအနေအမျိုးမျိုးကြောင့် အခုလို ညီအကိုတွေ စိတ်သဘောထားကွဲပြီး ခဏမသင့်မြတ်တဲ့ အချိန်မှာ မလွှဲသာလို့ ကျည်ဆံတစ်တောင့်ထွက်သွားဖို့အရေး မောင်းခလုတ်ကို ဆွဲရတဲ့အခါတိုင်း အသွေးထဲအသားထဲက နာကြဉ်ရတယ်…။ ယုံကြည်မှုတစ်ခုအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ မင်းတို့ခန္ဓာတွေရဲ့ဘေးမှာ ဒီနဖူးလေးက မင်းသားလေးနမ်းတဲ့ နဖူးလေးများလား ၊ဒီနဖူးလေးက မင်းကြင်သူ သက်ထားနမ်းတဲ့ နဖူးလေးများလားဆိုပြီး စိတ်မကောင်းဖြစ်ရတာ အမှန်ပဲ..။ဒီလိုပဲ တစ်ချိန်က ငါတို့မြေပေါ်က နယ်ချဲ့တွေကို အသက်နဲ့ရင်းပြီး လွတ်လပ်ရေးကို သူတို့ရဲ့သွေးတွေနဲ့ရယူပေးခဲ့တဲ့ ငါတို့ညီအကိုတွေရဲ့ ဘိုးဘွားတွေသာ သိခဲ့ရင် ရောက်လေရာ ဘ၀က သူတို့စိတ်မကောင်းဖြစ်မှာ အသေအချာပဲလေ…။

နွားကွဲရင် ကျားဆွဲတယ်လို့ ဆိုရိုးစကားအတိုင်း အခုလို ငါတို့ညီအစ်ကိုတွေ ၀ါးစည်း ပြေသလိုဖြစ်နေရတာကို အရှေ့မြောက်အရပ်က မျက်လုံးမှေးမှေးလူကြီးတွေက လက်ခုတ်တွေတီးပြီး ၀မ်းသာနေကြသလို အနောက်အရပ်က အမွှေးထူထူနဲ့ လူတွေက မျက်စိတစ်ဆုံးနဲ့အရိပ်တစ်ကြည့်ကြည့် ကြည့်နေကြမှာ…။ ဒီအတိုင်းဆို ငါတို့နိုင်ငံရဲ့ အနာဂတ်နှင့် နောက်မျိုးဆက်တွေအတွက် တွေးကြည့်ရင် တကယ်ကိုရင်လေးစရာကြီးပါပဲ…။

ဒါကြောင့်မို့
အတ္တတွေနဲ့ စီးချင်းထိုးနေတဲ့ လက်နက်တွေကို အမြန်ဆုံးလွှတ်ချပြီး တိုင်းပြည်ရဲ့ မှောင်နေတဲ့ အနာဂတ်တွေအတွက် အလင်းပြဖို့ ငါတို့ပခုံးပေါ်က သမိုင်းပေးတာဝန်တွေကို ကျေပွန်အောင် ထမ်းရွက်ကြပါစို့လား

တနေ့မှာတော့…
ငါတို့နိုင်ငံကြီးဟာ ဟိုးအမြင့်ဆုံးမှာ လမင်းကြီးလို ထည်ဝါနိုင်ဖို့ ငါတို့ညီအစ်ကိုတွေ ကြယ်တွေလေးလို အစွမ်းကုန် အလင်းပေးပြီး ချိုးဖြူငှက်ငယ်လေးတွေပျံသန်း လာမယ့်လမ်းမှာ ငါတို့ဘတ်ရင်ထဲကဘယ်တော့မှ မပုတ်သိုးနိုင်တဲ့ ထာဝရငြိမ်းချမ်းရေးတွေနဲ့အတူ လက်တွဲကာကြိုဆိုလိုက်ကြရ အောင်လားနော်...။

(လွမ်းဝေ)

Related Posts Plugin for WordPress, Blogger...