"အမိစစ်တက္ကသိုလ်၏ ၅၁ ယောက်မြောက်သားများရဲ့ အတွေ့အကြုံနှင့် ခံစားချက်၊ သုတ၊ ရသ တို့ ဝေမျှရာ..."

ကျောင်းဆင်း ၄ နှစ်ပြည့်နှင့် တစ်ဆင့်ရာထူးတိုးအလှူ

၁၂-၁၂-၂၀၁၂ ကျွန်တော်တို့ အပတ်စဉ် ကျောင်းဆင်းလေးနှစ်ပြည့်နဲ့ သုံးပွင့်တင်ခြင်း အထိမ်းအမှတ် အလှူအဖြစ် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကွက်ချကျေးရွာ(ကော့ဒွတ်ကျေးရွာ) မှာ ပညာပါရမီအတွက် စာသင်ကျောင်းလေးတစ်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်...။










  


(MM Soldier)

ပုခုံးထက်က ကြယ်တစ်ပွင့်အတွက် (၁၂.၁၂.၁၂)


ရာသီတွေ အကုန်မြန်လွန်းတယ်လို့
မဆိုလိုရက်ခဲ့ဘူး…
တာဝန်တွေကြားမှာ ဘ၀ကိုနှစ်မြုပ်နေရင်းနဲ့
နေ၀င်နေထွက်တွေတောင်
မေ့နေတာ ကြာခဲ့ပေါ့...။

ငါတို့ဘ၀တွေက
ကြယ်စင်တွေ မငေးနိုင်ဘူး၊
လမင်းကိုလည်း မလွမ်းနိုင်ဘူး၊
အိမ်မက်တွေ နဲ့တောင် မိတ်ဆက်ခွင့် မရခဲ့ပါဘူး…
ပြည်သူတွေ အပြုံးပန်းဝေဖို့
အမိန့်ဆိုတာတွေ အလွတ်ကျက်နေရတယ်...။

နေခြင်းနဲ့ သေခြင်းကြားမှာ
အသက်တွေကို လောင်းကြေးထပ်လို့
သေမင်းနဲ့ စစ်ခင်းရင်း
သူရဲကောင်းဆန်ဆန် အိမ်ပြန်နေ့ရက်တွေအတွက်
ငြိမ်းချမ်းရေး ပန်းတပွင့်
လက်ဆောင်ယူခဲ့တယ်...
သေချာတာက ငါတို့မှာ အသက်အပို မရှိခဲ့ဘူး...။

တနေ့ထဲမှာ ပညာနို့ရည်စို့ခဲ့တဲ့ ငါတို့တတွေ
တနေ့ထဲမှာ ပညာရည်ပြည့်ဝခဲ့တဲ့ ငါတို့တတွေ
အခုဆို...တချို့တတွေလဲ ကြွေ
တချို့တတွေလဲ ဝေလို့…
တချို့တချို့တတွေလဲ ငါနဲ့မျက်နှာခြင်းဆိုင်
စကားတွေပြောနေလျက်ပေါ့…။

ပြက္ခဒိန်စာရွက်တွေ ဟောင်းလာလို့ထင်ပါရဲ့
အချိန်မတန်ပဲ ခွဲသွားရတဲ့သူတွေများလာတယ်၊
အနာဂတ် သင်ခန်းစာတွေအတွက်
ရင့်ကျက်ဖို့တောင် မလိုခဲ့ဘူး
မင်းတို့တွေက တာဝန်ကျေလွန်းတယ်...။

ဒီနေ့..........

(12.12.12) ပုခုံးထက်က ကြယ်တပွင့်အတွက်
မင်းတို့တွေကို
နက်နက်နဲနဲ နဲ့ ဂုဏ်ယူလို့လွမ်းတယ်…။

(လွမ်းဝေ - MIET)
For (12.12.12 )

ဂုဏ်ယူပါတယ် သူငယ်ချင်း

ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ နေ့ထူးနေ့မြတ်လေးဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းမှုလေးနဲ့ပဲ ဒီဂုဏ်ပြုဆောင်းပါးကို ရေးလိုက်ရပါတယ်။ မကြာမီအချိန်အတွင်းမှာ သူငယ်ချင်းတို့အနေနဲ့ တဆင့်မြှင့် ရာထူးတွေ လက်ခံရယူ ဂုဏ်ပြု ခံရတော့မှာပါ။ ဒီအတွက်ကြောင့် ဒီစေတနာ ဂုဏ်ပြုဆောင်းပါးလေး ရေလိုက်ခြင်း ဖြစ်ပါတယ်။ 


သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ ရှေးရေစက်တွေကြောင့်ပဲပြောပြော၊ အမိတက္ကသိုလ်က သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်မီတယ်ပဲဆိုဆို ငါတို့တွေ ဒီတက္ကသိုလ်ကြီးမှာ အတူတကွ ပညာတွေဆည်းပူးနိုင်ခွင့်ရကြပြီလေ။ ဒီဆောင်းပါးလေးမှာ ငါ့ရဲ့အမြင်လေးတွေကို ပြောပြသလို၊ သူငယ်ချင်းတွေဆီကလည်း ကိုယ်စီအမြင်လေးတွေ ပြောပြကြစေလိုပါတယ်။
 
သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ မိသားစုနဲ့ဝေးကွာနေကြတယ်ဆိုပေမယ့် ညီအကိုအရင်းထက် ချစ်ခင်ကြတဲ့ သံယောဇဉ်တွေရှိတဲ့ သူငယ်ချင်း ညီအကိုတွေနဲ့ တွေ့ဆုံနကြပြီလေ။ ပျော်ရွှင်စရာ ရှိခဲ့ရင်လည်း ငါတို့ ထပ်တူပျာ်ရွှင်ခဲ့ကြသလို အခက်အခဲတွေ ကြုံလာရင်လည်း ခေါင်းချင်းဆိုင် ဖြေရှင်းခဲ့ကြတာတွေကို မှတ်မိကြမယ်ထင်ပါတယ်။
 
သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ မြန်မာနိုင်ငံရဲ့နေရာအသီးသီး၊ ဌာနအဖုံဖုံမှာ တာဝန် ထမ်းဆောင်နေရင်း ခေတ်နောက်ကျနေတဲ့ အမိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို တဖက်တလမ်း ကနေ မြှင့်တင်နိုင်ဖို့၊ တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ဖို့ ဒီနိုင်ငံကို ရောက်လာခဲ့ကြတာပါ။ ငါတို့တတွေမှာ စရိုက်အမျိုးမျိုး၊ အမြင်အထွေထွေ၊ သဘေားထားအဖုံဖုံ ရှိကြပေမယ့် ငါတို့မှာရှိတဲ့ ရည်ရွယ်ချက်တွေကတော့ တစ်ခုတည်းပါပဲ။
 
ဒီလိုပညာသင်နေတဲ့အချိန်မှာပဲ သူငယ်ချင်းတချို့ရဲ့ ငါတို့က ဒီနိုင်ငံမှာ  အကျယ်ချုပ်ကြနေသလိုပဲ ဆိုပြီး တီးတိုးအသံလေးတွေ ကြားရဖူးတယ်။ ဒီလိုပြောတဲ့ သူငယ်ချင်းတွေကို အပြစ်မပြောလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ငါကိုယ်တိုင် တခါတရံ ခံစားမိလို့ပါပဲ။ ရလာတဲ့ထောက်ပံ့ငွေကို တခါတလေ လိုတာထက် ပိုပြီး သုံးမိတဲ့အချိန်၊ ဧည့်သည်လာတဲ့အချိန်တွေဆို ပိုငွေက သိပ်မရှိလှပါဘူး။ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံက ပါလာတဲ့အ၀တ်အထည်လေးတွေကိုပဲ ၀တ်ရတာပေါ့။ ပထမနှစ်ဘ၀လည်း ဒီအ၀တ်၊ ဒုတိယနှစ်လည်း ဒီအ၀တ်၊ တတိယနှစ်လည်း ဒီအ၀တ်ပဲ ထပ်နေကြတာပေါ့။ တခြားနိုင်ငံခြားသားတွေလို တောက်တောက်ပြောင်ပြောင် မ၀တ်နိုင်ပါဘူး။ တခါကဆို မုန့်ရောင်းတဲ့ အဘွားကြီးက ငါ့ကိုမေးဖူးတယ်။ မင်းတို့က အ၀တ်မလျော်တတ်လို့လား၊ ဒါမမဟုတ် တစ်ခုခုကြောင့်လားတဲ့။ မင်းတို့အ၀တ်လေးတွေကည့်လိုက် ရင် ဟောင်းနွမ်းနတာပဲ၊တာက်တောက်ပြောင်ပြောင် မရှိ လှဘူး တဲ့။ အဲ့ဒီအဘွားက မြန်မာတွေကို ချစ်ခင်တတ်တဲ့ အဘွားတစ်ယောက်ဖစ်တဲ့အတွက် ကဲ့ရဲ့စိတ်နဲ့ ပြောတာမဟုတ်ဘဲ သနားတဲ့စိတ်၊ ကြင်နာစိတ်၊ ကရုဏာစိတ်နဲ့ ပြောနေခြင်း သာဖြစ်ပါတယ်။
 
ပိုငွေနည်းနေတဲ့အတွက် လေ့လာရေးခရီး ထွက်ဖို့အတွက် ဆိုရင်တော့ ဒီလအတွက် အိတ်ကပ်ထဲမှာ ဘယ်လောက်ကျန်သေးလဲ ဆိုတာ အရင်ကြည့်ရပါတယ်။ ဘာသာစကားကလည်း တခြားထွက်ငွေတွေ မရှိဖို့ အတွက် တခြားနိုင်ငံခြားကျောင်းသားတွေနဲ့ အပေါင်းအသင်းလုပ်ဖို့ စိတ်မကူးမိတော့ပါဘူး။ သူတို့ဝန်းကျင်ထဲ ကထွက်လာမှန်းမသိ ထွက်လာခဲ့တာ ဘာသာစကား ဆိုလျှင် ကျောင်းခန်းထဲက လွဲလို့ အပြင်မှာ မပြောဖြစ်တော့ ပါဘူး။ ဘာသာစကား အားနည်းတာရယ်၊ အပိုအလျှံငွေအားနည်းတာရယ်က ငါတို့မင်းတို့ကို ပေ(၂၀x၁၅)အခန်း ထဲမှာ နေဖို့အတွက် ဖြစ်လာတော့တာပါပဲ။ ဒါကို ဒီအခန်းထဲမှာ အကျယ်ချုပ်ကျနေသလို ခံစားနေရတယ်ဆိုတာ ကို နားလည်ပေးရမှာပါ။ ငါတို့တတွေအတွက် အမိနိုင်ငံတော်ကပေးတဲ့ငွေဟာ နည်းပါးလှတယ် ဆိုပေမယ့် ငါတို့နိုင်ငံမှာ ဆင်းရဲမှု ရာခိုင်နှုန်း(၂၆)ရှိတယ် ဆိုတာရယ်၊ ငါတို့ပညာသင်နိုင်ဖို့အတွက် သူတို့စားဖို့ထဲက ထမင်းလုပ်တွေကို ငါ့တိုကို ခွဲဝေပေးနေရတယ် ဆိုတာ နားလည်ပေးလိုက်ရင် ထောက်ပံ့ငွေ နည်းတယ်၊ များတယ် ဆိုတာကို နောက်ထပ် ပြောမိတော့မှာ မဟုတ်ပါဘူး။ ဒီဟာလေးတွေ တွေးမိလိုက်ရင်ပဲ ဒီဝန်းကျင်လေး ထဲမှာ နေနေရတဲ့ ကာလလေးမှာ နေပျော်လာလိမ့်မယ် လို့ မျှော်လင့်မိပါတယ်။
 
ပြီးတော့ (၁၄-၁၁-၂၀၁၂)ညက စိတ်မကောင်းစွာပဲ သတင်းလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ငါတို့နဲ့အတူ တနေ့တည်း ပဲဟင်းသောက်ပြီး၊ တနေ့တည်းကျောင်းဆင်းလာခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ပုံရယ်၊ ဘေးမှာ မျက်ရည်တွဲလွဲကျနေတဲ့ အန်တီရယ်၊ ပူဆွေးသောကရောက်နေရှာတဲ့ သူငယ်ချင်းရဲ့အမေရယ် မြင်လိုက်ရတယ်။ လောကကြီးကို နှုတ်ဆက်ခွဲခွါသွားတဲ့ သူငယ်ချင်းကို ကြည့်ပြီးတော့ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ ငါတို့တတွေဟာ ဒီမှာ ပညာသင်နိုင်ဖို့ ရောက်ခဲ့ပေမယ့် တကယ်လို့သာ ပညာဆက်သင်ခွင့်မရရင် ဒီနေရာဟာ ငါ့နေရာ၊ ဘေးမှာငိုနေတာလည်း ငါ့အမေဖြစ်ချင်ဖြစ်နေမှာပါ။ ငါတို့ပညာသင်နိုင်ဖို့အတွက် ငါတို့တာဝန်တွေကို ကျန်ခဲ့တဲ့သူတွေက ပိုတိုးပြီး တာဝန်တွေ ထမ်းဆောင်နေကြရတယ် ဆိုတာကို တွေးမိလိုက်ရင်ပဲ ငါတို့တတွေ ရသင့်ရထိုက်တဲ့ ပညာတွေကို လေ့လာဆည်းပူးချင်စိတ်တွေ နိုးထလာပါလိမ့်မယ်။ ပိုတိုးလာလိမ့်ပါလိမ့်မယ်။
 
မကြာခင်မှာ ငါတို့တတွေကို တဆင့်တိုးတာဝန်တွေထမ်းဆောင်နိုင်ဖို့ တဆင့်မြှင့်တဲ့ရာထူးတွေ ချီးမြှင့်တော့မှာပါ။ ဒီကိုရောက်နေတဲ့အချိန်မှာ ကောင်းသည်ဆိုးသည် တွေးမနေဘဲ ပညာကိုသာ ရသလောက် ယူသင့်တယ် ထင်မိပါတယ်။ ဒီဂုဏ်ပြုဆောင်းပါးလေးဟာ ဆရာလေသံနဲ့ရးနေခြင်းမျိုးမဟုတ်ဘဲ အမိနိုင်ငံတော်အတွက် တန်းဖိုးရှိတဲ့ပညာတွေ ဆည်းပူးရန် ဆိုတဲ့ ငါတို့အားလုံးရဲ့ရည်ရွယ်ချက်ကို မေ့လျော့နေတာပဲဖြစ်ဖြစ်၊ သတိမရတာပဲဖြစ်ဖြစ် မေ့လျော့နေခဲ့လျှင် သတိရလာအောင် နှိုးဆွပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ အမိနိုင်ငံတော်ကောင်းကျိုး အတွက် ဒီဆောင်းပါးလေးက အုပ်တချပ်၊ သဲတပွင့် ကူညီပါဝင် ပံ့ပိုးပေးနိုင်မယ်ဆိုရင် ဆီထိဂွမ်းကဲ့သို့ ၀မ်းသာပီတိ ဖြစ်နေပါတော့မည်။

(စာရေးသူ - တောင်သာသား)

"တစ်ကြိမ်အောင်မြင်ရင် ရပြီ" (KFC ရဲ့မူလအစ)

(ကျွန်တော် ဖတ်ဖူးတာလေးပါ.. ဘယ်ကလဲတော့ မမှတ်မိတော့ပါဘူး...)

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။

၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။
၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။
၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။

၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွါးခဲ့ရတယ်။

၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။

၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။

၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့ စရိတ်အချို့ လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရတယ်။

၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။

သူကတော့ ကျွန်တော်တို့ တော်တော်များများစားဖူးကြပြီး အကြိုက်တွေ့ကြတဲ့  Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David SandersColonel Sanders (September 9, 1890 – December 16, 1980) ပဲ ဖြစ်ပါတယ်။


"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။ 


(မောင်သုတ)

ဂုဏ်ယူပေးပါ

ဟုတ်ကဲ့...
ကျနော်အတွက် ဂုဏ်ယူပေးပါ...
မငြိမ်းချမ်းသေးတဲ့နေရာတွေ အတွက် ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်နိုင်ကြဖို့ မိမိတို့အသက်တွေနဲ့ အလဲအထပ် လုပ်နေရတဲ့
စစ်သားတွေ အများကြီးထဲက စစ်သားတယောက်မို့ပါ...။
စစ်ဆင်ရေးတွေ ပြီးဆုံးပြီး ကျွန်ုပ် နေထိုင် နေတဲ့ မြန်မာနိုင်ငံကြီးငြိမ်းချမ်းခဲ့မယ်ဆိုရင်ပေါ့...

အမေချက်ကျွေးခဲ့တဲ့ ထမင်းနဲ့ဟင်းတွေကို ကျနော်တို့မောင်နှမတွေ စုံစုံညီညီနဲ့ အတူတကွ မြိန်ရေယှက်ရည် နောက်တခေါက်လောက် စားချင်ပါသေးတယ်...။

မိသားစုတွေ ထမင်းစားတဲ့အချိန်တိုင်း ကျနော်မပါဝင်နိုင်တဲ့ နေရာလွတ်တနေရာကိုကြည့်ပြီး
ပါးထက်မှာစီးကျနေရှာတဲ့ အမေ့မျက်ရည်စတွေကို ကျနော် သုတ်ပေးချင်ပါသေးတယ်...။

မနက်မိုးလင်းတိုင်း ဘုရားစင်ရှေ့မှာ ဘုရားရှိခိုးနေတဲ့ အဖေ့ရဲ့ တရားသံတွေကိုလည်း ထပ်မံကြားချင်ပါသေးတယ်...။

ဘာမှ မသိနားမလည်ရှာသေးတဲ့ ကျနော် ညီမလေးတွေအတွက် ထောင်ချောက်တွေ များတဲ့ လောကကြီး အကြောင်းကို ကျနော် ပြောပြချင်မိသေးတယ်...။

သူငယ်ချင်းတွေနဲ့ အချိတ်အဆက် လုပ်ထားတဲ့ အာစရိယ ပူဇော်ပွဲမှာလဲ တိုင်းပြည်အတွက် တာဝန်ကျေအောင် ထမ်းဆောင်နေတဲ့ တပည့်တယောက်အဖြစ် ဂုဏ်ယူချင်ပါသေးတယ် ..။

ကျနော်ပြန်လာမယ့်နေ့ကို စောင့်မျှော်နေတဲ့ ကျနော်ချစ်သူကို ထွေးပွေ့ယုယရင်း စိတ်ကူးယဉ်ရွှေအိုရောင် အိမ်မက်အချို့ကိုလဲ အတူလက်တွဲ ဖြတ်သန်းချင်သေးတာ ဆန္ဒတွေ အများကြီးထဲကတခုပါ...။

ကျနော်ဖြစ်ချင်တာတွေ ကျနော်လုပ်ချင်တာတွေ နောက်ပီး ဖြစ်သင့် လုပ်သင့်တဲ့အရာတွေအားလုံး ကျနော် လုပ်ချင်ပါသေးတယ်...

တကယ်လို့
ဒီစစ်ဆင်ရေးကြီးမှာ ကျနော်ပြန်မလာနိုင်ခဲ့ဘူး ဆိုရင်ပေါ့...
............
.......................
..................................
ကျနော်အိမ်ပြန်လမ်းကိုစောင့်မျှော်နေသူအားလုံး ကျနော်အတွက်ဂုဏ်ယူပေးပါ..
မငြိမ်းချမ်းသေးတဲ့နေရာတဲ့အတွက် ငြိမ်းချမ်းစွာအသက်ရှင်နေထိုင်ကြဖို့ မိမိတို့အသက်တွေနဲ့ အလဲအထပ် လုပ်နေရတဲ့
စစ်သားတွေအများကြီးထဲက စစ်သားတယောက်မို့ပါ...။

ငဖြိုး
(မှတ်ချက်။ ။ တိုင်းပြည်အတွက် အသက်ပေးရင်း တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူငယ်ချင်းတယောက် အတွက် ရည်ရွယ်ပါသည်..။)

Related Posts Plugin for WordPress, Blogger...