"အမိစစ်တက္ကသိုလ်၏ ၅၁ ယောက်မြောက်သားများရဲ့ အတွေ့အကြုံနှင့် ခံစားချက်၊ သုတ၊ ရသ တို့ ဝေမျှရာ..."

သားကောင်ရှာ မုဆိုးတစ်သိုက်ရဲ့ မြေဇာပင်လေးများ

လူရယ်လို့ဖြစ်လာရင် ကိုယ့်အတ္တတွေ ၊သင်္ခါရတွေ ၊ မာနတွေနဲ့ နပန်းလုံးရင်း ဘ၀ဆိုတဲ့ တိုက်ပွဲကြီးကို မလွဲမသွေ ရင်ဆိုင်ကြရမှာပါ.. ဒါ့ပေမယ့် ကျနော်တို့ဘ၀က သူတစ်ပါးအတ္တတွေ ၊ အငြိုးတွေ ၊ မကျေနပ်ချက် တွေကြားမှာ ခိုးကိုးရမဲ့ အသက်ရှူခဲ့ရတာပါ..။ အဖွဲ့အစည်းတစ်ခုရဲ့ အလိုရမ္မက် ဒါမှမဟုတ် နှစ်ဦး နှစ်ဖက် မသင့်မြတ်မှုတွေက အစပြုပြီး ယမ်းခိုးတွေဝေနေခဲ့ရတဲ့ မွေးရပ်မှ ဝေးရာကို တိမ်းရှောင်ရင်း အခြားသူတွေရဲ့ သနားညှာတာမှုအောက်မှာ သဒ္ဒါပိုလို့ ယိုဖိတ်မေတ္တာတွေမှီဝဲနေရရှာတဲ့ ဒုက္ခသည်ဘ၀ကို မလိုချင်ဘဲ ရောက်ခဲ့ ရတာပေါ့…။

ကျနော့်သားနဲ့သမီးဟာ အဖြစ်ဆောက်ထားတဲ့ မိုးမလုံ၊နေမလုံ အိမ်လေးရဲ့နဘေးမှာ အပူပင်ကင်းမဲ့စွာ ဆော့ကစားနေပါတယ်…။ကျနော်ထင်တယ် သူတို့တွေရဲ့ စိတ်ညစ်ချိန်ဆိုလို့ ရံဖန်ရံခါ ထမင်း၀၀လင်လင် မစားရတဲ့နေ့နဲ့ ညအချိန်မတော် သေနတ်တွေကြောင့် ထပြေးရတဲ့နေ့တွေလောက်ပဲထင်ပါတယ်…။ လွတ်လပ်မှုတွေ ၊ချုပ်နှောင်မှုတွေ ၊ ခိုကိုးရမဲ့ ဒုက္ခသည်ဘ၀ဆိုတာတွေကို သူတို့နားမလည်ပါဘူး..။ အချိန်တန်ရင် စားမယ် ၊ အိပ်မယ် ၊ ကစားမယ် ဆိုတာဟာ သူတို့ ဒီကမ္ဘာကြီးတစ်ခုလို သတ်မှတ်ထားတယ် ထင်ပါရဲ့..။ ဖြစ်နိုင်ပါတယ်လေ သူတို့တွေဟာ အင်မတန် အပူပင်ကင်းတဲ့ ဖြူစင်နုနယ်အရွယ်တွေမို့ပေါ့..။

ကျနော်က ဘ၀အတွက် လောဘတစ်ကြီး မျှော်လင့်ချက်တွေကို သိမ်းပိုက်ခွင့်မရခဲ့ပါဘူး..။သားသမီး တွေရဲ့ အနာဂတ် အလင်းရောင်ကို ထွန်းညှိဖို့လဲ အခွင့်မသာခဲ့ပါဘူး…။ကျနော်တို့ မိဘတိုင်းဟာ သားသမီးတွေ ကို ဆင်စီးပြီး မြင်းရံတာကို ပဲမြင်ချင်ကြတယ် မဟုတ်လား…။ဒါပေမယ့် ကျနော့်သားသမီးတွေရဲ့ ရှေ့ရေး အတွက် ဆင်စီး နိုင်ဖို့ထက် ဆင်းနင်းမခံရဖို့ ၊ မြင်းရံနိုင်ဖို့ထက် မြင်းကန်မခံရဖို့ ကိုပဲ ဘုရားသခင်ထံ တောင်းဆု ပန်နေရမှာပါ…။
ပညာတတ်မှ လူရာဝင်တယ် ၊ ပညာတတ်မှ လုတန်းစေ့တယ်ဆိုတဲ့ စကားလုံးဟာ ကျနော့်သား နဲ့သမီးရဲ့ နှုတ်က ကျောင်းသွားချင်တယ်လို့ ရင်ဖွင့်လာတိုင်း မျက်ရည်တွေ စို့မိပါတယ် …ဆောင်းတွင်းရဲ့ ညတာရှည်နေ့တွေမှာ အရမ်းအေးတယ်လို့ ညည်းတိုင်း ၊ အရှိန်းပြင်းတဲ့ မိုးညတွေမှာ ခေါင်မိုးမလုံတဲလေးကို အိမ်အကြီးကြီး ဆောက်ပေးပါလားလို့ပြောလာတိုင်း ကိုယ့်တောင်ယာကို မလုပ်နိုင်ပဲ ယခုလို စစ်ဘေးဒဏ်ကြောင့် မိသားစုနဲ့အတူ ထွက်ပြေးနေရတဲ့ ဘ၀ကို စိတ်နာမိပါတယ်..။

ကျနော်စဉ်းစားမိတယ်..။ဘာ့ကြောင့် ကံကြမ္မာက ကျနော်တို့နေရာလေးကို ကွက်ကြားမိုးတွေရွာပြီး မုန်တိုင်းတွေထန်နေရတာလဲ ..နိုင်ငံတော်သမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို ကြားရတိုင်း ကျနော်အားတက်မိပါတယ်..။ တိုင်းရင်းသား လက်နက်ကိုင်တွေ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်မှု့တွေကို မြင်ရတိုင်း မျှော်လင့်ချက်တွေ ရောင်နီသန်းလုပြီဆိုပြီး ပျော်ရွှင်မိပါတယ်…ဒါပေမယ့် ကျနော့်ရဲ့ ပျော်ရွှင်မှု တွေဟာ အမခုထက်ထိတော့ အရာမထင်သေးပါဘူး..။

စစ်ပွဲတွေကို တစ်ဖက်သတ်ဖန်တီး လုပ်ကြံတယ်လို့ ကျနော် မသတ်မှတ်ချင်ပါဘူး..စစ်သားတွေဆိုတာ တိုက်ခိုက်ဖို့သက်သက် မွေးဖွားလာသူတွေ မဟုတ်ဘူးဆိုတာ ကျနော်ယုံကြည်ပါတယ်..။သူတို့တွေဟာ လူအဖွဲ့အစည်းတစ်ခု (သို့မဟုတ်) လူတွေအများကြီးအတွက် အသက်နဲ့ခနာကို လောင်းကြေးထပ်ပြီး ဘယ်သူမှ မလုပ်နိုင်တဲ့ မလုပ်ချင်တဲ့ အလျော်စားပြင်းပြင်းနဲ့ စွန့်လွှတ်ခြင်းတွေကို တန်ဖိုးထားပေးဆပ်နေရတဲ့ သူတွေပါ….။
သူတို့တွေဟာ ငြိမ်းချမ်းရေးကို အမြဲတမ်း ဆာလောင်နေသူတွေ … တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်နေချင်သူတွေ … စစ်ပွဲရဲ့ အနိဌာ အာရုံတွေကို အမုန်းတီးဆုံး သူတွေ ၊ ကိုယ်ချင်းစာစိတ်ကြီးမားတဲ့ သူတွေဆိုတာ ကျနော်ယုံပါတယ်..ဒ့ါကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ ရှေ့တန်းကျကျ ပါဝင်ခဲ့သလို ၊ တိုင်းပြည်အတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးတွေမှာ မိုးရွားမရှောင် ၊ နေပူမရှောင် ထမ်းဆောင်ခဲ့တယ်ဆိုတာ သက်သေတွေပဲ မဟုတ်လား…။

ကျနော် ဥာဏ်မီသလောက်နဲ့ သိရသလောက်ဆိုရရင် မြန်မာနိုင်ငံရဲ့ မငြိမ်းချမ်းတဲ့ နေရာ ၊ ဒုက္ခသည် အပေါများဆုံးနေရာဟာ ကျနော်တို့နေတဲ့ ဒီကချင်ပြည်နယ်မှာပဲ ဖြစ်နေကြတာပါ..။အခြားပြည်နယ်တွေနဲ့ ဒေသတွေမှာဆိုရင် မရှိသလောက်ပါပဲ…ကျနော်ဟာ ကချင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းလာတဲ့အတွက် ကချင်ပြည်နယ်ကို ချစ်ပါတယ် ..ကိုယ့်ဇာတိချက်ကြွေမို့ သံယောဇဉ်ကြီးသလို တန်ဖိုးလဲထားပါတယ်…။ ကေအိုင်အေဟာ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးအတွက် တိုက်ပွဲဝင်နေတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းလို့လဲ ထင်ပါတယ်…ဒါပေမယ့်ပေါ့ ကချင်ပြည်နယ်ကြီး တိုးတက်ဖို့ ကချင်လူမျိုးတွေ ကောင်းစားဖို့တကယ် လိုလားတယ်ဆိုရင် အခုလို လက်နက်ကိုင်ဖြေရှင်းဆောင်ရွက်နေတာဟာ မှန်ကန်တဲ့ လုပ်ရပ်လို့ သတ်မှတ်နိုင်ပါသလား…စားပွဲဝိုင်းပေါ်က တောင်းဆိုချက်တွေကို မလိုက်လျောနိုင်လို့ အခုလို မကျေနပ်မှုတွေ မသင့်မြတ်မှုတွေအတွက် ကျနော့်တို့ဘ၀တွေ ကျနော်တို့ အနာဂတ်တွေဟာ သားကောင်ရှာ မုဆိုးတစ်သိုက်ရဲ့ မြေဇာပင် ဖြစ်နေရတာဟာ တရားမျှတယ်လို့ ထင်ပါသလား… အခြားနိုင်ငံ ၊ အခြားအဖွဲ့အစည်းတွေ သဒ္ဒါပိုလို့ ယိုဖိတ်တဲ့ မေတ္တာပေးဝေမှုတွေ သနားလို့ ပေးကျွေးထားတာတွေ၊ စာနာလို့ ထောက်ပံ့တာတွေကို ကိုယ့်လူမျိုးအချင်းချင်း ဝေမျှစားမယ်ဆိုပြီး တစ်ခြမ်းဖဲ့ယူသွားတာတွေက ညီမျှတယ်လို့ ထင်ပါသလား ..။

ထားလိုက်ပါလေ… ဒီလိုဖြစ်ရပ်တွေအတွက် ကျနော်တို့တတွေကိုယ်တိုင် တောင်းဆုတွေမှားခဲ့လို့၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ စောင့်ရှောက်မှုတွေက မလုံလောက်ခဲ့ဘူးလို့ဆိုပြီး သတ်မှတ်ခဲ့ရင်တောင် ဘာပဲဖြစ်ဖြစ်ပေါ့ အခုထက်ထိ မငြိမ်းချမ်းနိုင်သေးပေမယ့် ငြိမ်းချမ်းရေးဆိုတာကို ကျနော်နှင့်အတူ ကျနော့်မိသားစုတွေဟာ ဘုရားပေးတဲ့ဆုအဖြစ် တောင့်တနေဆဲပါ…..

(လွမ်းဝေ)

ငြိမ်းချမ်းပါစေ မြန်မာပြည်



ကေအိုင်အေ
တို့တစ်တွေဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီင်္း တစ်မိုးအောက်မှာ အသက်ရှူခွင့်ရကြတဲ့ တိုင်းရင်းသား ညီအကိုတွေပါ …။ မင်းတို့ဆီက အစပြုတဲ့ မြစ်မင်းဧရာဆိုတာ ငါတို့မြန်မာနိုင်ငံရဲ့ အသက်သွေး ကြောတစ်ခုအဖြစ် ဂုဏ်ယူကြသလို ကချင်လူမျိုး ၊ ကချင်တိုင်းရင်းသား ဆိုတာကလဲ ငါတို့နှလုံးသားတွေထဲက ထာဝရ ညီအကိုတွေပါ..။

ငါတို့ဆိုတာက…
တိုင်းရင်းသား ညီအကိုတွေ စုပေါင်းနေထိုင်တဲ့ အမိမြေကို ကာကွယ်ဖို့၊ ငါတို့သင်နေတဲ့ စစ်ပညာနဲ့ ငါတို့ကိုင်တွယ်နေရတဲ့ လက်နက်ဆိုတာတွေက ငါတို့တိုင်းပြည်ကြီးကို ကျူးကျော်လာတဲ့ တိုင်းတစ်ပါး သားတွေကို သုတ်သင်ဖို့ ၊မင်းတို့တစ်တွေက တိုင်းတစ်ပါးသားတွေ မဟုတ်ကြသလို ငါတို့ရဲ့ ရန်သူတွေလို့လဲ မသတ်မှတ်ခဲ့ပါဘူး …အခြေအနေအမျိုးမျိုးကြောင့် အခုလို ညီအကိုတွေ စိတ်သဘောထားကွဲပြီး ခဏမသင့်မြတ်တဲ့ အချိန်မှာ မလွှဲသာလို့ ကျည်ဆံတစ်တောင့်ထွက်သွားဖို့အရေး မောင်းခလုတ်ကို ဆွဲရတဲ့အခါတိုင်း အသွေးထဲအသားထဲက နာကြဉ်ရတယ်…။ ယုံကြည်မှုတစ်ခုအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ မင်းတို့ခန္ဓာတွေရဲ့ဘေးမှာ ဒီနဖူးလေးက မင်းသားလေးနမ်းတဲ့ နဖူးလေးများလား ၊ဒီနဖူးလေးက မင်းကြင်သူ သက်ထားနမ်းတဲ့ နဖူးလေးများလားဆိုပြီး စိတ်မကောင်းဖြစ်ရတာ အမှန်ပဲ..။ဒီလိုပဲ တစ်ချိန်က ငါတို့မြေပေါ်က နယ်ချဲ့တွေကို အသက်နဲ့ရင်းပြီး လွတ်လပ်ရေးကို သူတို့ရဲ့သွေးတွေနဲ့ရယူပေးခဲ့တဲ့ ငါတို့ညီအကိုတွေရဲ့ ဘိုးဘွားတွေသာ သိခဲ့ရင် ရောက်လေရာ ဘ၀က သူတို့စိတ်မကောင်းဖြစ်မှာ အသေအချာပဲလေ…။

နွားကွဲရင် ကျားဆွဲတယ်လို့ ဆိုရိုးစကားအတိုင်း အခုလို ငါတို့ညီအစ်ကိုတွေ ၀ါးစည်း ပြေသလိုဖြစ်နေရတာကို အရှေ့မြောက်အရပ်က မျက်လုံးမှေးမှေးလူကြီးတွေက လက်ခုတ်တွေတီးပြီး ၀မ်းသာနေကြသလို အနောက်အရပ်က အမွှေးထူထူနဲ့ လူတွေက မျက်စိတစ်ဆုံးနဲ့အရိပ်တစ်ကြည့်ကြည့် ကြည့်နေကြမှာ…။ ဒီအတိုင်းဆို ငါတို့နိုင်ငံရဲ့ အနာဂတ်နှင့် နောက်မျိုးဆက်တွေအတွက် တွေးကြည့်ရင် တကယ်ကိုရင်လေးစရာကြီးပါပဲ…။

ဒါကြောင့်မို့
အတ္တတွေနဲ့ စီးချင်းထိုးနေတဲ့ လက်နက်တွေကို အမြန်ဆုံးလွှတ်ချပြီး တိုင်းပြည်ရဲ့ မှောင်နေတဲ့ အနာဂတ်တွေအတွက် အလင်းပြဖို့ ငါတို့ပခုံးပေါ်က သမိုင်းပေးတာဝန်တွေကို ကျေပွန်အောင် ထမ်းရွက်ကြပါစို့လား

တနေ့မှာတော့…
ငါတို့နိုင်ငံကြီးဟာ ဟိုးအမြင့်ဆုံးမှာ လမင်းကြီးလို ထည်ဝါနိုင်ဖို့ ငါတို့ညီအစ်ကိုတွေ ကြယ်တွေလေးလို အစွမ်းကုန် အလင်းပေးပြီး ချိုးဖြူငှက်ငယ်လေးတွေပျံသန်း လာမယ့်လမ်းမှာ ငါတို့ဘတ်ရင်ထဲကဘယ်တော့မှ မပုတ်သိုးနိုင်တဲ့ ထာဝရငြိမ်းချမ်းရေးတွေနဲ့အတူ လက်တွဲကာကြိုဆိုလိုက်ကြရ အောင်လားနော်...။

(လွမ်းဝေ)

မြောက်ကိုရီးယား နိုင်ငံ၏ စစ်စွမ်းအား

Source; Defencetalk. 20 Dec, 2011.


၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ နှလုံး ရောဂါဖြင့် သေဆုံးပြီး နောက်ပိုင်း ၎င်း၏ အရိုက်အရာကို ဆက်ခံမည့် တတိယမြောက်သား ကင်ဂျုံအွန် (အသက် ၂၇ နှစ်)သည် နျူကလီးယား လက်နက်ငယ်များ၊ ဓာတုဗေဒ လက်နက်များနှင့် အမြောက်များဖြင့် ပြည့်နှက်နေ သည့် ကြီးမားသော တပ်မတော်နှင့် အတူ စီးပွားရေး ချွတ်ခြုံကျ၍ အထီးကျန်နေသော နိုင်ငံကို အမွေ ဆက်ခံ ရရှိသွားမည် ဖြစ်ပါသည်။

        မြောက်ကိုရီးယား စစ်တပ်သည် နျူလက်နက်၊ ဓာတုနှင့် ဇီဝလက်နက်များကို ပိုင်ဆိုင် ထားသည်ဟု လေ့လာသူ ပညာရှင် အများစုက ယူဆထားပြီး တိုင်းပြည် ဆင်းရဲမွဲတေ နေသည့်ကြားမှ ၎င်းနိုင်ငံ၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် ရှိမည်ဟု ယူဆ ရပါသည်။

နျူကလီးယား လက်နက်များ


      မြောက်ကိုရီးယား နိုင်ငံသည် Atomic ခေါ် နျူလက်နက်များ ၆ ခုမှ ၇ ခုအထိ ထုတ်လုပ်ရန် လုံလောက်သော ပလူတိုနီယံများ ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း နိုင်ငံတကာက ယူဆ ထားပါ သည်။ သို့သော် လက်ရှိ အခြေအနေတွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ၎င်းတို့၏ ဒုံးကျည်များ၌ တပ်ဆင်ရန် အတွက် နျူထိပ်ဖူးများ အမှန်တကယ် ထုတ်လုပ်နိုင်စွမ်း ရှိ/မရှိမှာ သေချာ ရေ ရာခြင်း မရှိသေးဘဲ လေ့လာ ဆန်းစစ် သူများကမူ အဆိုပါ အခြေအနေသို့ ရောက်လုနီးပါး ဖြစ်သည်ဟု ယုံကြည် ထားပါသည်။

ဒုံးကျည်များ

မြောက်ကိုရီးယား နိုင်ငံသည် အမျိုးအစား ပေါင်းစုံ ပါဝင်သော ဒုံးကျည် အရေအတွက်ပေါင်း အနည်းဆုံး ၁ဝဝဝ ကျော် ပိုင်ဆိုင် ထားရှိပြီး ထိုအထဲတွင် အကွာအဝေး ကီလိုမီတာ ၃ဝဝဝ ကျော် (၁၈၆ဝ မိုင်) ပစ်ခတ် နိုင်သည့် ဒုံးကျည်များလည်း ပါဝင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားထား ပါသည်။ ထို့ပြင် Taepodong တိုက်ချင်းပစ် ဒုံးကျည် ၃ စင်းကို လည်း စမ်းသပ် ပစ်ခတ်ပြီး ဖြစ်ကြောင်း သိရ ပါသည်။

ဓာတုနှင့် ဇီဝလက်နက်များ

          အမေရိကန်နှင့် မဟာမိတ် အဖွဲ့များမှ စစ်ရေး အစီအစဉ် ရေးဆွဲသူများက တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားသို့ သမားရိုးကျ စစ်ပွဲ ပုံစံအရ စီးနင်း တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း ယုံကြည် ထားသော်လည်း အကယ်၍ တိုက်ခိုက် ခဲ့ပါက ပြုံယမ်းဘက်မှ ဓာတုနှင့် ဇီဝလက်နက်များ မည်သို့မည်ပုံ အသုံးပြုလာမည် ဆိုသည့် အချက်ကို စိုးရိမ် ပူပန်လျက် ရှိပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် ဓာတု လက်နက်ပေါင်း တန်ချိန် ၂၅ဝဝ မှ ၅ဝဝဝ အထိ ပမာဏ အများအပြား သိုလှောင် ထားရှိကြောင်း ဆိုးလ်ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အခြားေ သာ လေ့လာသူများက ခန့်မှန်း ပြောကြားထားပြီး ထိုအရေ အတွက်သည် တောင်ကိုရီးယား နိုင်ငံအား ကြောက်မက်ဖွယ် ကောင်းအောင် သေကြေ ပျက်စီးမှုများ ဖြစ်ပေါ်စေရန် လုံလောက်ပါ သည်။ ဓာတု ပစ္စည်းများကို တာဝေးပစ် အမြောက်များ၊ ဒုံးပစ် လောင်ချာများနှင့် ပဲ့ထိန်း ဒုံးများတွင် ထည့်သွင်း တပ်ဆင်၍ လေယာဉ်နှင့် ရေတပ် သင်္ဘောများပေါ်မှ ဖြန့်ဖြူး ပစ်ခတ်နိုင်ကြောင်း သိရပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် ဇီဝလက်နက် စီမံကိန်းကိုလည်း ပိုင်ဆိုင် ထားရှိပြီး လက်ရှိအချိန် တွင်မူ အစိုးရ အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်ထက် ကျော်လွန်ခြင်း ရှိ/ မရှိကို အသေ အချာ မပြောနိုင်သေးကြောင်း လေ့လာသူများက ဆိုထားပါသည်။ ပြုံယမ်း အနေဖြင့် ထောင့်သန်းပိုး (Anthrax)၊ အစာ အဆိပ်သင့်ပိုး  (Botulism)အစရှိသည့် ဇီလက်နက် များနှင့် အရေပြား လောင်ကျွမ်းစေ နိုင်သည့် အဆိပ်ဓာတ်ငွေ့(Mustard Gas)၊ Sarin  နှင့် Phosgene ကဲ့သို့သော ဓာတုပိုးမွှား လက်နက်များ ကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ယူဆ ရပါသည်။

လူစွမ်းအား

          အသက် ၁၇ နှစ်မှစ၍ စစ်မှုမထမ်း မနေရ စနစ်ဖြင့် စစ်မှု ထမ်းရပြီး လက်ရှိ တပ်မတော် အင်အား မှာ ၁.၂ သန်းခန့် ရှိပါသည်။ သို့သော် အရေးကြုံ လာပါက စစ်ပွဲ ဝင်နိုင်သည့် တစ်နိုင်ငံလုံး အရန် စစ်အင် အားမှာ ၇.၇ သန်းခန့် ရှိပါသည်။

ကြည်းတပ်စွမ်းအား

          မြောက်ကိုရီးယား ကြည်းတပ်သည် လက်နက်ကြီးများအား ဆိုးလ်ဘက်သို့ ချိန်ရွယ်၍ တပ်အခင်း အကျင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက် ထားရှိကြောင်း သိရပါသည်။ လက်နက်များ တွင် အဓိက တိုက်ပွဲဝင် တင့်ကား ၃၅ဝဝ၊ အပေါ့စား တင့်ကား ၅၆ဝ၊ လူတင် သံချပ်ကာယာဉ် ၂၅ဝဝ၊ စက် အမြောက် တပ်ဆင်ထားသော နောက်တွဲယာဉ် ၃၅ဝဝ၊ ရွေ့လျား ပစ်ခတ်နိုင်သော အမြောက်လက်နက် (Self-Propelled Artillery) ၄၄ဝဝ၊ ဒုံးပစ်လောင်ချာ ၂၅ဝဝ၊  စိန်ပြောင်း ၇၅ဝဝ၊ အရေအတွက် မသိရသော တင့်ဖျက် ပဲ့ထိန်းလက်နက်၊ နောက်ပွင့်လောင်ချာ ၁၇ဝဝ၊  လေေ ကြာင်းရန် ကာကွယ်ရေး စက်သေနတ်ကြီး ၁၁ဝဝဝ ရှိကြောင်း အမေရိကန် အစိုးရနှင့် လေ့လာ သူများက ခန့်မှန်းပြောကြား ထားပါသည်။

ရေတပ်စွမ်းအား

          မြောက်ကိုရီးယား ရေတပ်တွင် ရေငုပ်သင်္ဘော တပ်ဖွဲ့ကြီးရှိပြီး ခန့်မှန်း အရေအတွက် ၉၂ စီးခန့် ရှိပါသည်။ ထို့ပြင် ဖရီးဂိတ် စစ်သင်္ဘော ၃ စီး၊ Corvette စစ်သင်္ဘော ၆ စီး၊ ဒုံးပျံတင် စစ်ရေ ယာဉ် ၄၃ စီး၊ အကြီးစား ကင်းလှည့်ရေယာဉ် ၁၅၈ စီး၊ တော်ပီဒိုတင် အမြန်ရေယာဉ် ၁ဝ၃ စီး၊ ကင်းလှည့်တပ်ဖွဲ့ ရေယာဉ် ၃၃၄ စီးကျော်၊ ကုန်းရေနှစ်သွယ်သွား သင်္ဘော ၁ဝ စီး၊ ကမ်းခြေစောင့် အမြောက်တပ်ခွဲ ၂ ခွဲ၊ ရှပ်ပြေးယာဉ် ၁၃ဝ စီး၊ မိုင်းရှာရေယာဉ် ၂၃ စီး၊ အသေးစား စစ်သင်္ဘော ၈ စီးနှင့် အကဲကြည့် ရေယာဉ် ၄ စီး ပိုင်ဆိုင်ထား ကြောင်း သိရပါသည်။

လေတပ်စွမ်းအား

          မြောက်ကိုရီးယား လေတပ်သည် နယ်စပ်စည်းကို ဖြတ်ကျော်၍ တောင်ကိုရီးယားသို့ အမြန် ထိုးစစ် ဆင်နိုင်ရန် အစီအစဉ် ရေးဆွဲထားပြီး ဗုံးကြဲ လေယာဉ်စီးရေ ၈ဝ၊ မြေပြင် တိုက်ခိုက်ရေး လေယာဉ်နှင့် ဝေဟင် တိုက်ခိုက်ရေး လေယာဉ် ၅၄၁ စီး၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ် ၃၁၆ စီး၊ သယ်ယူပို့ဆောင် ရေး ရဟတ်ယာဉ် ၅၈၈ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၄ စီး၊ မောင်းသူမဲ့ လေယာဉ် အနည်းဆုံး ၁ စီးနှင့် ပြည့်စုံ လုံလောက်သော ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင် ဆိုင်ကြောင်း သိရှိ ရပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် အဖျက်စွမ်းအား ကြီးမားသော လက်နက်များနှင့် အတူ ကြီးမားသော တပ်မတော်အား ပိုင်ဆိုင်ထားပြီး ယနေ့ ခေါင်းဆောင်သစ် လက်ထက်တွင် မည်သို့ေ သာ အပြောင်းလဲများ ရှိလာ နိုင်မည်ကို ကမ္ဘာ့နိုင်ငံ အများအပြားက စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိပါသည်။ ===== ။

မြ၀တီ

ပေးဆပ်သူဘဝ


ဘ၀က ကြမ်းပါတယ်ဆိုမှ
ကံဇာတ်ဆရာမဲခွဲလိုက်ပုံများ
မင်းသေနတ်ကိုင်ပြီး
လူတွေကို ကူညီရမယ့်
ပေးဆပ်သူဘ၀တဲ့လေ..

သြော်.
ဒီလောက၀တ္တရားတွေ ထမ်းရွက်ဖို့
ကံကြမ္မာက နှင်းအပ်လေတော့
အသက်ကိုလောင်းကြေးထပ်ပြီး
နေခြင်းနဲ့သေခြင်းဆိုတာကို
ငါအာဂုန်ဆောင်နိုင်ရမှာပေါ့..

ပန်းကလေးတွေဝေဖို့
မိသားစုတွေပျော်ဖို့
အနာဂတ်လူငယ်တွေ လှပဖို့
နောက်ဆုံး ငါနိုင်ငံတော်ကြီးဖွဲ့ဖြိုးဖို့ဆိုရင်
သေမင်းရဲ့ခံတွင်းဝမှာ
ငါတို့ အသက်တွေ ယစ်ပူဇော်စေဦးတော့
သစ္စာတရားကို ရင်မှာပိုက်ရင်း
ငြိမ်းချမ်းခြင်းနဲ့ လဲပါရစေ..။


ဒီအတွက်
အနာဂတ်ဆိုတာထက်
မျှော်လင့်ချက်တွေပေးမထားပါဘူး.
ပိုင်ဆိုင်စရာဆိုလို့
ရဲသော် မသေ ၊ သေသော် ငရဲမလားတဲ့..

တကယ်တော့
ငါက..
လူတွေအတွက်
ကောင်းကင်တမန်လဲ မဟုတ်ဘူး
ကြယ်တံခွန်လဲ မဟုတ်ဘူး.
ပိုးစုန်းကြူး တကောင်လို
မလင်းတချက် လင်းတချက်နဲ့...

ကံဇာတ်ဆရာအလိုကျ
ပေးဆပ်သူတယောက်ဘ၀ပါလေ..

(လွမ်းဝေ)

အလင်းပြပေးပါ


ပန်းတမာကို
ပျားတကာလို မျိုချနေတဲ့ ဒီခေတ်မှာ
သူတပါးမျက်ရည်နဲ့ အသက်ဆက်ဖို့ဆိုရင်
မိုးခါးရေဆိုတာကို
အငတ်ခတ်လိုက်မယ် အဖေ..

ယုံကြည်မှုကို လည်သလို အသုံးချ
စာနာမှုတွေခေါင်းပါးလာတဲ့အခါ
အူမ တောင့်မှ သီလစောင့်နိုင်မယ်ဆိုရင်
ဒီဝမ်းတထောက်စာအတွက်
ကျနော့် ခန္ဓာကို ဒဏ်ခတ်ထားလိုက်ပါ ..

ကိုယ့်ကျင့်သိက္ခာကိုရေစုံမျော
အလိုလောဘတွေပြည့်ဖို့
သူတပါးဘ၀တွေ ချနင်းမှ ရမယ်ဆိုရင်
အဲဒီအောင်မြင်မှုအစား
ကျနော် စာရိတ္တဆိုတာနဲ့ပဲ ကျေနပ်လိုက်မယ် အဖေ..

ဘ၀မှာ
အဖြစ်ချင်ဆုံးဆန္ဒတွေ ရယူဖို့
အခက်ခဲဆုံးဆိုတဲ့ အရင်းအနှီးတွေပေးဆပ်ရမယ်ဆိုရင်
တနေ့ ..
အတိတ်ကိုပြန်ကြည့်တဲ့အခါ
လိပ်ပြာသန့်သန့် ကြည်နူးချင်တယ်...

ဒါ့ကြောင့်
အကြမ်းတမ်းဆုံးနေ့တွေ အတွက်
အဆိုးရွားဆုံး ဆိုတဲ့ အရာတွေရင်ဆိုင်ဖို့
ကျနော် လျှောက်နေတဲ့ဒီခရီးမှာ
အဖေ့ရဲ့..
သတ္တိတွေနဲ့ အလင်းပြပေးပါ...။



(လွမ်းဝေ)

လွမ်းဆွတ်ရသူ


ရင်ဘတ်ထဲက
လွမ်းဆွတ်ရသူ..

အနားမှာ နေခွင့်ရှိခဲ့ရင်
စကားတွေနဲ့ ရင်ဖွင့်ချင်တယ်
ကံတရားရယ် နီးစပ်ခွင့်ပေးပါလား...

အနမ်းတွေတာ ချွေခွင့်ရှိရင်
ချစ်ရသူ သူ့နဖူး
အနမ်းဦးနဲ့ နိုးပါရစေ
ကြည်နူးပါစ နော်..။

အချစ်တွေသာ စစ်ရင်
ဝေးကွာခြင်းတွေ ကင်းမဲ့လို့
ပူဆွေးသောက မီးအလျှံတွေ
ချစ်ခရီးလမ်းမှာ ငြိမ်းအေးလို့နေပါစေ...

နှစ်ကိုယ်တူ လက်ခြင်းချိတ်ပြီး
အပြုံးတွေ နဲ့ကြည်နူးနိုင်ပါစေ..
မယိုင်မလဲ မေတ္တာတွေ
ခိုင်မြဲတဲ့ သစ္စာတွေရယ်
နောင်အနှစ်တစ်ရာ ထပ်လောင်းလို့
မြတ်နိုးရသောသူနဲ့
အပြုံးမပြတ် ပေါင်းဖက်ပါရစေ..။

 
(လွမ်းဝေ)

နှစ်ပတ်လည်ရတုများ

အထိမ်းအမှတ် နှစ်ပတ်လည်ရတုများအကြောင်းကို သိသလောက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်...။

၁။   (၁)  နှစ်မြောက်     = စက္ကူ ရတု
၂။   (၂)  နှစ်မြောက်     = ဂွမ်း ရတု
၃။   (၃)  နှစ်မြောက်     = သားရေ ရတု
၎။   (၄)  နှစ်မြောက်     = ပိုး ရတု
၅။   (၅)  နှစ်မြောက်     = သစ်သား ရတု
၆။   (၆)  နှစ်မြောက်     = သကြား ရတု
၇။   (၇)  နှစ်မြောက်     = သက္ကလပ် ရတု
၈။   (၈)  နှစ်မြောက်     = ကြေး ရတု
၉။   (၉)  နှစ်မြောက်     = ဥဿဖရား ရတု
၁၀။ (၁၀)နှစ်မြောက်     = သံဖြူ ရတု
၁၁။ (၁၁)နှစ်မြောက်     = သံမဏိ ရတု
၁၂။ (၁၂)နှစ်မြောက်     = ချည် ရတု
၁၃။ (၁၃)နှစ်မြောက်     = ဇာပန်း ရတု
၁၄။ (၁၄)နှစ်မြောက်     = ဆင်စွယ် ရတု
၁၅။ (၁၅)နှစ်မြောက်     = သလင်း ရတု
၁၆။ (၂၀)နှစ်မြောက်     = ကြွေ ရတု
၁၇။ (၂၅)နှစ်မြောက်     = ငွေ ရတု
၁၈။ (၃၀)နှစ်မြောက်     = ပုလဲ ရတု
၁၉။ (၃၅)နှစ်မြောက်     = ကျောက်စိမ်း ရတု
၂၀။ (၄၀)နှစ်မြောက်     =ပတ္တမြား ရတု
၂၁။ (၄၅)နှစ်မြောက်     = နီလာ ရတု
၂၂။ (၅၀)နှစ်မြောက်     = ရွှေ ရတု
၂၃။ (၅၅)နှစ်မြောက်     = မြ ရတု
၂၄။ (၆၀)နှစ်မြောက်     = စိန် ရတု
၂၅။ (၇၅)နှစ်မြောက်     = ဒုတိယစိန် ရတု
၂၆။ (၉၀)နှစ်မြောက်     = န၀ရတ် ရတု

Related Posts Plugin for WordPress, Blogger...