"အမိစစ်တက္ကသိုလ်၏ ၅၁ ယောက်မြောက်သားများရဲ့ အတွေ့အကြုံနှင့် ခံစားချက်၊ သုတ၊ ရသ တို့ ဝေမျှရာ..."

ပေးဆပ်သူဘဝ


ဘ၀က ကြမ်းပါတယ်ဆိုမှ
ကံဇာတ်ဆရာမဲခွဲလိုက်ပုံများ
မင်းသေနတ်ကိုင်ပြီး
လူတွေကို ကူညီရမယ့်
ပေးဆပ်သူဘ၀တဲ့လေ..

သြော်.
ဒီလောက၀တ္တရားတွေ ထမ်းရွက်ဖို့
ကံကြမ္မာက နှင်းအပ်လေတော့
အသက်ကိုလောင်းကြေးထပ်ပြီး
နေခြင်းနဲ့သေခြင်းဆိုတာကို
ငါအာဂုန်ဆောင်နိုင်ရမှာပေါ့..

ပန်းကလေးတွေဝေဖို့
မိသားစုတွေပျော်ဖို့
အနာဂတ်လူငယ်တွေ လှပဖို့
နောက်ဆုံး ငါနိုင်ငံတော်ကြီးဖွဲ့ဖြိုးဖို့ဆိုရင်
သေမင်းရဲ့ခံတွင်းဝမှာ
ငါတို့ အသက်တွေ ယစ်ပူဇော်စေဦးတော့
သစ္စာတရားကို ရင်မှာပိုက်ရင်း
ငြိမ်းချမ်းခြင်းနဲ့ လဲပါရစေ..။


ဒီအတွက်
အနာဂတ်ဆိုတာထက်
မျှော်လင့်ချက်တွေပေးမထားပါဘူး.
ပိုင်ဆိုင်စရာဆိုလို့
ရဲသော် မသေ ၊ သေသော် ငရဲမလားတဲ့..

တကယ်တော့
ငါက..
လူတွေအတွက်
ကောင်းကင်တမန်လဲ မဟုတ်ဘူး
ကြယ်တံခွန်လဲ မဟုတ်ဘူး.
ပိုးစုန်းကြူး တကောင်လို
မလင်းတချက် လင်းတချက်နဲ့...

ကံဇာတ်ဆရာအလိုကျ
ပေးဆပ်သူတယောက်ဘ၀ပါလေ..

(လွမ်းဝေ)

အလင်းပြပေးပါ


ပန်းတမာကို
ပျားတကာလို မျိုချနေတဲ့ ဒီခေတ်မှာ
သူတပါးမျက်ရည်နဲ့ အသက်ဆက်ဖို့ဆိုရင်
မိုးခါးရေဆိုတာကို
အငတ်ခတ်လိုက်မယ် အဖေ..

ယုံကြည်မှုကို လည်သလို အသုံးချ
စာနာမှုတွေခေါင်းပါးလာတဲ့အခါ
အူမ တောင့်မှ သီလစောင့်နိုင်မယ်ဆိုရင်
ဒီဝမ်းတထောက်စာအတွက်
ကျနော့် ခန္ဓာကို ဒဏ်ခတ်ထားလိုက်ပါ ..

ကိုယ့်ကျင့်သိက္ခာကိုရေစုံမျော
အလိုလောဘတွေပြည့်ဖို့
သူတပါးဘ၀တွေ ချနင်းမှ ရမယ်ဆိုရင်
အဲဒီအောင်မြင်မှုအစား
ကျနော် စာရိတ္တဆိုတာနဲ့ပဲ ကျေနပ်လိုက်မယ် အဖေ..

ဘ၀မှာ
အဖြစ်ချင်ဆုံးဆန္ဒတွေ ရယူဖို့
အခက်ခဲဆုံးဆိုတဲ့ အရင်းအနှီးတွေပေးဆပ်ရမယ်ဆိုရင်
တနေ့ ..
အတိတ်ကိုပြန်ကြည့်တဲ့အခါ
လိပ်ပြာသန့်သန့် ကြည်နူးချင်တယ်...

ဒါ့ကြောင့်
အကြမ်းတမ်းဆုံးနေ့တွေ အတွက်
အဆိုးရွားဆုံး ဆိုတဲ့ အရာတွေရင်ဆိုင်ဖို့
ကျနော် လျှောက်နေတဲ့ဒီခရီးမှာ
အဖေ့ရဲ့..
သတ္တိတွေနဲ့ အလင်းပြပေးပါ...။



(လွမ်းဝေ)

Related Posts Plugin for WordPress, Blogger...