"အမိစစ်တက္ကသိုလ်၏ ၅၁ ယောက်မြောက်သားများရဲ့ အတွေ့အကြုံနှင့် ခံစားချက်၊ သုတ၊ ရသ တို့ ဝေမျှရာ..."

မြောက်ကိုရီးယား နိုင်ငံ၏ စစ်စွမ်းအား

Source; Defencetalk. 20 Dec, 2011.


၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ နှလုံး ရောဂါဖြင့် သေဆုံးပြီး နောက်ပိုင်း ၎င်း၏ အရိုက်အရာကို ဆက်ခံမည့် တတိယမြောက်သား ကင်ဂျုံအွန် (အသက် ၂၇ နှစ်)သည် နျူကလီးယား လက်နက်ငယ်များ၊ ဓာတုဗေဒ လက်နက်များနှင့် အမြောက်များဖြင့် ပြည့်နှက်နေ သည့် ကြီးမားသော တပ်မတော်နှင့် အတူ စီးပွားရေး ချွတ်ခြုံကျ၍ အထီးကျန်နေသော နိုင်ငံကို အမွေ ဆက်ခံ ရရှိသွားမည် ဖြစ်ပါသည်။

        မြောက်ကိုရီးယား စစ်တပ်သည် နျူလက်နက်၊ ဓာတုနှင့် ဇီဝလက်နက်များကို ပိုင်ဆိုင် ထားသည်ဟု လေ့လာသူ ပညာရှင် အများစုက ယူဆထားပြီး တိုင်းပြည် ဆင်းရဲမွဲတေ နေသည့်ကြားမှ ၎င်းနိုင်ငံ၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် ရှိမည်ဟု ယူဆ ရပါသည်။

နျူကလီးယား လက်နက်များ


      မြောက်ကိုရီးယား နိုင်ငံသည် Atomic ခေါ် နျူလက်နက်များ ၆ ခုမှ ၇ ခုအထိ ထုတ်လုပ်ရန် လုံလောက်သော ပလူတိုနီယံများ ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း နိုင်ငံတကာက ယူဆ ထားပါ သည်။ သို့သော် လက်ရှိ အခြေအနေတွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ၎င်းတို့၏ ဒုံးကျည်များ၌ တပ်ဆင်ရန် အတွက် နျူထိပ်ဖူးများ အမှန်တကယ် ထုတ်လုပ်နိုင်စွမ်း ရှိ/မရှိမှာ သေချာ ရေ ရာခြင်း မရှိသေးဘဲ လေ့လာ ဆန်းစစ် သူများကမူ အဆိုပါ အခြေအနေသို့ ရောက်လုနီးပါး ဖြစ်သည်ဟု ယုံကြည် ထားပါသည်။

ဒုံးကျည်များ

မြောက်ကိုရီးယား နိုင်ငံသည် အမျိုးအစား ပေါင်းစုံ ပါဝင်သော ဒုံးကျည် အရေအတွက်ပေါင်း အနည်းဆုံး ၁ဝဝဝ ကျော် ပိုင်ဆိုင် ထားရှိပြီး ထိုအထဲတွင် အကွာအဝေး ကီလိုမီတာ ၃ဝဝဝ ကျော် (၁၈၆ဝ မိုင်) ပစ်ခတ် နိုင်သည့် ဒုံးကျည်များလည်း ပါဝင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားထား ပါသည်။ ထို့ပြင် Taepodong တိုက်ချင်းပစ် ဒုံးကျည် ၃ စင်းကို လည်း စမ်းသပ် ပစ်ခတ်ပြီး ဖြစ်ကြောင်း သိရ ပါသည်။

ဓာတုနှင့် ဇီဝလက်နက်များ

          အမေရိကန်နှင့် မဟာမိတ် အဖွဲ့များမှ စစ်ရေး အစီအစဉ် ရေးဆွဲသူများက တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားသို့ သမားရိုးကျ စစ်ပွဲ ပုံစံအရ စီးနင်း တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း ယုံကြည် ထားသော်လည်း အကယ်၍ တိုက်ခိုက် ခဲ့ပါက ပြုံယမ်းဘက်မှ ဓာတုနှင့် ဇီဝလက်နက်များ မည်သို့မည်ပုံ အသုံးပြုလာမည် ဆိုသည့် အချက်ကို စိုးရိမ် ပူပန်လျက် ရှိပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် ဓာတု လက်နက်ပေါင်း တန်ချိန် ၂၅ဝဝ မှ ၅ဝဝဝ အထိ ပမာဏ အများအပြား သိုလှောင် ထားရှိကြောင်း ဆိုးလ်ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အခြားေ သာ လေ့လာသူများက ခန့်မှန်း ပြောကြားထားပြီး ထိုအရေ အတွက်သည် တောင်ကိုရီးယား နိုင်ငံအား ကြောက်မက်ဖွယ် ကောင်းအောင် သေကြေ ပျက်စီးမှုများ ဖြစ်ပေါ်စေရန် လုံလောက်ပါ သည်။ ဓာတု ပစ္စည်းများကို တာဝေးပစ် အမြောက်များ၊ ဒုံးပစ် လောင်ချာများနှင့် ပဲ့ထိန်း ဒုံးများတွင် ထည့်သွင်း တပ်ဆင်၍ လေယာဉ်နှင့် ရေတပ် သင်္ဘောများပေါ်မှ ဖြန့်ဖြူး ပစ်ခတ်နိုင်ကြောင်း သိရပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် ဇီဝလက်နက် စီမံကိန်းကိုလည်း ပိုင်ဆိုင် ထားရှိပြီး လက်ရှိအချိန် တွင်မူ အစိုးရ အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်ထက် ကျော်လွန်ခြင်း ရှိ/ မရှိကို အသေ အချာ မပြောနိုင်သေးကြောင်း လေ့လာသူများက ဆိုထားပါသည်။ ပြုံယမ်း အနေဖြင့် ထောင့်သန်းပိုး (Anthrax)၊ အစာ အဆိပ်သင့်ပိုး  (Botulism)အစရှိသည့် ဇီလက်နက် များနှင့် အရေပြား လောင်ကျွမ်းစေ နိုင်သည့် အဆိပ်ဓာတ်ငွေ့(Mustard Gas)၊ Sarin  နှင့် Phosgene ကဲ့သို့သော ဓာတုပိုးမွှား လက်နက်များ ကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ယူဆ ရပါသည်။

လူစွမ်းအား

          အသက် ၁၇ နှစ်မှစ၍ စစ်မှုမထမ်း မနေရ စနစ်ဖြင့် စစ်မှု ထမ်းရပြီး လက်ရှိ တပ်မတော် အင်အား မှာ ၁.၂ သန်းခန့် ရှိပါသည်။ သို့သော် အရေးကြုံ လာပါက စစ်ပွဲ ဝင်နိုင်သည့် တစ်နိုင်ငံလုံး အရန် စစ်အင် အားမှာ ၇.၇ သန်းခန့် ရှိပါသည်။

ကြည်းတပ်စွမ်းအား

          မြောက်ကိုရီးယား ကြည်းတပ်သည် လက်နက်ကြီးများအား ဆိုးလ်ဘက်သို့ ချိန်ရွယ်၍ တပ်အခင်း အကျင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက် ထားရှိကြောင်း သိရပါသည်။ လက်နက်များ တွင် အဓိက တိုက်ပွဲဝင် တင့်ကား ၃၅ဝဝ၊ အပေါ့စား တင့်ကား ၅၆ဝ၊ လူတင် သံချပ်ကာယာဉ် ၂၅ဝဝ၊ စက် အမြောက် တပ်ဆင်ထားသော နောက်တွဲယာဉ် ၃၅ဝဝ၊ ရွေ့လျား ပစ်ခတ်နိုင်သော အမြောက်လက်နက် (Self-Propelled Artillery) ၄၄ဝဝ၊ ဒုံးပစ်လောင်ချာ ၂၅ဝဝ၊  စိန်ပြောင်း ၇၅ဝဝ၊ အရေအတွက် မသိရသော တင့်ဖျက် ပဲ့ထိန်းလက်နက်၊ နောက်ပွင့်လောင်ချာ ၁၇ဝဝ၊  လေေ ကြာင်းရန် ကာကွယ်ရေး စက်သေနတ်ကြီး ၁၁ဝဝဝ ရှိကြောင်း အမေရိကန် အစိုးရနှင့် လေ့လာ သူများက ခန့်မှန်းပြောကြား ထားပါသည်။

ရေတပ်စွမ်းအား

          မြောက်ကိုရီးယား ရေတပ်တွင် ရေငုပ်သင်္ဘော တပ်ဖွဲ့ကြီးရှိပြီး ခန့်မှန်း အရေအတွက် ၉၂ စီးခန့် ရှိပါသည်။ ထို့ပြင် ဖရီးဂိတ် စစ်သင်္ဘော ၃ စီး၊ Corvette စစ်သင်္ဘော ၆ စီး၊ ဒုံးပျံတင် စစ်ရေ ယာဉ် ၄၃ စီး၊ အကြီးစား ကင်းလှည့်ရေယာဉ် ၁၅၈ စီး၊ တော်ပီဒိုတင် အမြန်ရေယာဉ် ၁ဝ၃ စီး၊ ကင်းလှည့်တပ်ဖွဲ့ ရေယာဉ် ၃၃၄ စီးကျော်၊ ကုန်းရေနှစ်သွယ်သွား သင်္ဘော ၁ဝ စီး၊ ကမ်းခြေစောင့် အမြောက်တပ်ခွဲ ၂ ခွဲ၊ ရှပ်ပြေးယာဉ် ၁၃ဝ စီး၊ မိုင်းရှာရေယာဉ် ၂၃ စီး၊ အသေးစား စစ်သင်္ဘော ၈ စီးနှင့် အကဲကြည့် ရေယာဉ် ၄ စီး ပိုင်ဆိုင်ထား ကြောင်း သိရပါသည်။

လေတပ်စွမ်းအား

          မြောက်ကိုရီးယား လေတပ်သည် နယ်စပ်စည်းကို ဖြတ်ကျော်၍ တောင်ကိုရီးယားသို့ အမြန် ထိုးစစ် ဆင်နိုင်ရန် အစီအစဉ် ရေးဆွဲထားပြီး ဗုံးကြဲ လေယာဉ်စီးရေ ၈ဝ၊ မြေပြင် တိုက်ခိုက်ရေး လေယာဉ်နှင့် ဝေဟင် တိုက်ခိုက်ရေး လေယာဉ် ၅၄၁ စီး၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ် ၃၁၆ စီး၊ သယ်ယူပို့ဆောင် ရေး ရဟတ်ယာဉ် ၅၈၈ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၄ စီး၊ မောင်းသူမဲ့ လေယာဉ် အနည်းဆုံး ၁ စီးနှင့် ပြည့်စုံ လုံလောက်သော ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင် ဆိုင်ကြောင်း သိရှိ ရပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် အဖျက်စွမ်းအား ကြီးမားသော လက်နက်များနှင့် အတူ ကြီးမားသော တပ်မတော်အား ပိုင်ဆိုင်ထားပြီး ယနေ့ ခေါင်းဆောင်သစ် လက်ထက်တွင် မည်သို့ေ သာ အပြောင်းလဲများ ရှိလာ နိုင်မည်ကို ကမ္ဘာ့နိုင်ငံ အများအပြားက စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိပါသည်။ ===== ။

မြ၀တီ

ပေးဆပ်သူဘဝ


ဘ၀က ကြမ်းပါတယ်ဆိုမှ
ကံဇာတ်ဆရာမဲခွဲလိုက်ပုံများ
မင်းသေနတ်ကိုင်ပြီး
လူတွေကို ကူညီရမယ့်
ပေးဆပ်သူဘ၀တဲ့လေ..

သြော်.
ဒီလောက၀တ္တရားတွေ ထမ်းရွက်ဖို့
ကံကြမ္မာက နှင်းအပ်လေတော့
အသက်ကိုလောင်းကြေးထပ်ပြီး
နေခြင်းနဲ့သေခြင်းဆိုတာကို
ငါအာဂုန်ဆောင်နိုင်ရမှာပေါ့..

ပန်းကလေးတွေဝေဖို့
မိသားစုတွေပျော်ဖို့
အနာဂတ်လူငယ်တွေ လှပဖို့
နောက်ဆုံး ငါနိုင်ငံတော်ကြီးဖွဲ့ဖြိုးဖို့ဆိုရင်
သေမင်းရဲ့ခံတွင်းဝမှာ
ငါတို့ အသက်တွေ ယစ်ပူဇော်စေဦးတော့
သစ္စာတရားကို ရင်မှာပိုက်ရင်း
ငြိမ်းချမ်းခြင်းနဲ့ လဲပါရစေ..။


ဒီအတွက်
အနာဂတ်ဆိုတာထက်
မျှော်လင့်ချက်တွေပေးမထားပါဘူး.
ပိုင်ဆိုင်စရာဆိုလို့
ရဲသော် မသေ ၊ သေသော် ငရဲမလားတဲ့..

တကယ်တော့
ငါက..
လူတွေအတွက်
ကောင်းကင်တမန်လဲ မဟုတ်ဘူး
ကြယ်တံခွန်လဲ မဟုတ်ဘူး.
ပိုးစုန်းကြူး တကောင်လို
မလင်းတချက် လင်းတချက်နဲ့...

ကံဇာတ်ဆရာအလိုကျ
ပေးဆပ်သူတယောက်ဘ၀ပါလေ..

(လွမ်းဝေ)

အလင်းပြပေးပါ


ပန်းတမာကို
ပျားတကာလို မျိုချနေတဲ့ ဒီခေတ်မှာ
သူတပါးမျက်ရည်နဲ့ အသက်ဆက်ဖို့ဆိုရင်
မိုးခါးရေဆိုတာကို
အငတ်ခတ်လိုက်မယ် အဖေ..

ယုံကြည်မှုကို လည်သလို အသုံးချ
စာနာမှုတွေခေါင်းပါးလာတဲ့အခါ
အူမ တောင့်မှ သီလစောင့်နိုင်မယ်ဆိုရင်
ဒီဝမ်းတထောက်စာအတွက်
ကျနော့် ခန္ဓာကို ဒဏ်ခတ်ထားလိုက်ပါ ..

ကိုယ့်ကျင့်သိက္ခာကိုရေစုံမျော
အလိုလောဘတွေပြည့်ဖို့
သူတပါးဘ၀တွေ ချနင်းမှ ရမယ်ဆိုရင်
အဲဒီအောင်မြင်မှုအစား
ကျနော် စာရိတ္တဆိုတာနဲ့ပဲ ကျေနပ်လိုက်မယ် အဖေ..

ဘ၀မှာ
အဖြစ်ချင်ဆုံးဆန္ဒတွေ ရယူဖို့
အခက်ခဲဆုံးဆိုတဲ့ အရင်းအနှီးတွေပေးဆပ်ရမယ်ဆိုရင်
တနေ့ ..
အတိတ်ကိုပြန်ကြည့်တဲ့အခါ
လိပ်ပြာသန့်သန့် ကြည်နူးချင်တယ်...

ဒါ့ကြောင့်
အကြမ်းတမ်းဆုံးနေ့တွေ အတွက်
အဆိုးရွားဆုံး ဆိုတဲ့ အရာတွေရင်ဆိုင်ဖို့
ကျနော် လျှောက်နေတဲ့ဒီခရီးမှာ
အဖေ့ရဲ့..
သတ္တိတွေနဲ့ အလင်းပြပေးပါ...။



(လွမ်းဝေ)

လွမ်းဆွတ်ရသူ


ရင်ဘတ်ထဲက
လွမ်းဆွတ်ရသူ..

အနားမှာ နေခွင့်ရှိခဲ့ရင်
စကားတွေနဲ့ ရင်ဖွင့်ချင်တယ်
ကံတရားရယ် နီးစပ်ခွင့်ပေးပါလား...

အနမ်းတွေတာ ချွေခွင့်ရှိရင်
ချစ်ရသူ သူ့နဖူး
အနမ်းဦးနဲ့ နိုးပါရစေ
ကြည်နူးပါစ နော်..။

အချစ်တွေသာ စစ်ရင်
ဝေးကွာခြင်းတွေ ကင်းမဲ့လို့
ပူဆွေးသောက မီးအလျှံတွေ
ချစ်ခရီးလမ်းမှာ ငြိမ်းအေးလို့နေပါစေ...

နှစ်ကိုယ်တူ လက်ခြင်းချိတ်ပြီး
အပြုံးတွေ နဲ့ကြည်နူးနိုင်ပါစေ..
မယိုင်မလဲ မေတ္တာတွေ
ခိုင်မြဲတဲ့ သစ္စာတွေရယ်
နောင်အနှစ်တစ်ရာ ထပ်လောင်းလို့
မြတ်နိုးရသောသူနဲ့
အပြုံးမပြတ် ပေါင်းဖက်ပါရစေ..။

 
(လွမ်းဝေ)

နှစ်ပတ်လည်ရတုများ

အထိမ်းအမှတ် နှစ်ပတ်လည်ရတုများအကြောင်းကို သိသလောက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်...။

၁။   (၁)  နှစ်မြောက်     = စက္ကူ ရတု
၂။   (၂)  နှစ်မြောက်     = ဂွမ်း ရတု
၃။   (၃)  နှစ်မြောက်     = သားရေ ရတု
၎။   (၄)  နှစ်မြောက်     = ပိုး ရတု
၅။   (၅)  နှစ်မြောက်     = သစ်သား ရတု
၆။   (၆)  နှစ်မြောက်     = သကြား ရတု
၇။   (၇)  နှစ်မြောက်     = သက္ကလပ် ရတု
၈။   (၈)  နှစ်မြောက်     = ကြေး ရတု
၉။   (၉)  နှစ်မြောက်     = ဥဿဖရား ရတု
၁၀။ (၁၀)နှစ်မြောက်     = သံဖြူ ရတု
၁၁။ (၁၁)နှစ်မြောက်     = သံမဏိ ရတု
၁၂။ (၁၂)နှစ်မြောက်     = ချည် ရတု
၁၃။ (၁၃)နှစ်မြောက်     = ဇာပန်း ရတု
၁၄။ (၁၄)နှစ်မြောက်     = ဆင်စွယ် ရတု
၁၅။ (၁၅)နှစ်မြောက်     = သလင်း ရတု
၁၆။ (၂၀)နှစ်မြောက်     = ကြွေ ရတု
၁၇။ (၂၅)နှစ်မြောက်     = ငွေ ရတု
၁၈။ (၃၀)နှစ်မြောက်     = ပုလဲ ရတု
၁၉။ (၃၅)နှစ်မြောက်     = ကျောက်စိမ်း ရတု
၂၀။ (၄၀)နှစ်မြောက်     =ပတ္တမြား ရတု
၂၁။ (၄၅)နှစ်မြောက်     = နီလာ ရတု
၂၂။ (၅၀)နှစ်မြောက်     = ရွှေ ရတု
၂၃။ (၅၅)နှစ်မြောက်     = မြ ရတု
၂၄။ (၆၀)နှစ်မြောက်     = စိန် ရတု
၂၅။ (၇၅)နှစ်မြောက်     = ဒုတိယစိန် ရတု
၂၆။ (၉၀)နှစ်မြောက်     = န၀ရတ် ရတု

ကမ္ဘောဇသာဒီ နန်းတော်


ဘုရင့်နောင် မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်တွင် ကျန်ရစ်နေခဲ့သည့် ရှမ်းတို့သည် ဇင်းမယ်သားတစ်ဦးကို အကြီးအမှုးတင်ကာ "ဗညားကျန်းထော"ဘွဲ့ပေးပြီး သူပုန်ထကြသည်။အင်အား ၃၀၀၀၀ ကျော်သည်ဟုဆိုသည်။သို့သော် အင်းဝမှ ဖမ်းဆီးခေါ်ဆောင်လာသည့် နန်းကျဘုရင် နရပတိစည်သူက သစ္စာခံသည့်အနေဖြင့် လက်ကျန်အမှုးအမတ်များတို့ကို ဦးဆောင်ပြီးတိုက်သည့်အတွက် ရှမ်းတို့ပျက်လေသည်။ ဘုရင့်နောင်မင်းတရားကြီး ထိုကိစ္စကိုသိလျှင်သိချင်း ဟံသာဝတီသို့ပြန်လာပြီးလျှင် ပုန်ကန်သူတို့ကို အလျှင်အမြန်နှိမ်နှင်းသည်။ရှိရှိသမျှသော် ပုန်ကန်သူတို့ကို မီးတိုက်သတ်ရန်မိန့်သော်လည်း ဆရာတော်၊သံဃာတော်များ အသနားခံသည့်အတွက် အကြီးအမှုးဖြစ်သူ ၇၀၀ ကျော်ကိုသာသတ်စေသည်။ထိုအရေးအခင်းပြီးလျှင် မင်းတရားကြီးသည် လက်ရှိစိုးစံနေသည့် မွန်မင်းများအစဉ်အဆက်စိုးစံလာသည့် ဟံသာဝတီနန်းထက် ဧကရာဇ်တစ်ပါးနှင့် အညီ ကြီးကျယ်ခြင်း၊ခမ်းနားခြင်း၊လုံခြုံခြင်း ဂုဏ်တို့နှင့် ပြည့်စုံစေရန်အတွက် နန်းသစ်တည်ရန် အစီအစဉ် ချလေသည်။

နန်းသစ်တည်အစီအစဉ်များ

သက္ကရာဇ် ၉၂၈၊တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့တွင် နန်းသစ်တည်ရန် စတင်မြေတူးစေသည်။တပေါင်းလဆန်း ၅ ရက်တွင် ကျုံးကိုစတင်တူးဖော်သည်။ နန်းသစ်၏ ဧရိယာမှာ စတုရန်းအတာ ၃၄၀၀ ရှိသည်။ သက္ကရာဇ် ၉၂၉၊တပေါင်းလပြည့်ကျော် ၃ ရက်၊သောကြာနေ့ တွင် ရွှေနန်းတော် ၆ ဆောင်အပါအ၀င် ကျန်အဆောင်အခန်းတို့ကို တည်စေသည်။ထိုသို့ဆောက်လုပ်ရာတွင် မြန်မာ၊မွန်၊ရှမ်း၊ယိုးဒယား အစရှိသည်တို့မှ ဗိသုကာ၊လက်သမား၊ပန်းရံ အတတ်တတ်သူများကို ခေါ်ဆောင်ကာ ဆောက်လုပ်စေသည်။

မြို့တံခါး ၂၀

မြို့တံခါးများကို အနောက်မြောက်ဖက်မှ စတင်ရေတွက်သည်။မြို့တံခါးတစ်ခုအတွက် လက်အောက်ခံ ပဒေသရာဇ်တစ်ဦးကျစီ တာဝန်ပေးပြီး တည်သူတို့၏ ပြည်ရွာအမည်အတိုင်း ခေါ်တွင်စေသည်။ထို တံခါးနှစ်ဆယ်မှာ
  1. ယိုးဒယားတံခါး
  2. တနင်္သာရီတံခါး
  3. မုတ္တမတံခါး
  4. ပုခန်းတံခါး
  5. ပုသိမ်တံခါး
  6. ပြည်တံခါး
  7. အင်းဝတံခါး
  8. တောင်ငူတံခါး
  9. ဒလတံခါး
  10. လင်းဇင်းတံခါး
  11. ဇင်းမယ်တံခါး
  12. မိုးမိတ်တံခါး
  13. မိုးညှင်းတံခါး
  14. မိုးကောင်းတံခါး
  15. ထားဝယ်တံခါး
  16. ကလေးတံခါး
  17. မိုးနဲတံခါး
  18. ညောင်ရွှေတံခါး
  19. သာယာဝတီတံခါး
  20. သိန္နီတံခါး - တို့ဖြစ်ကြသည်။

နန်းသစ်တက်ခြင်း

သို့ဖြင့် ၉၂၉ ခု၊တန်ခူးလပြည့်ကျော် ၄ ရက်၊တနင်္လာနေ့တွင် ရထားပြသာဒ်ကိုစီးကာ ထွက်တော်မူပြီးတောင်တံခါးမှဝင်ကာ နန်းသိမ်းလေသည်။အမည်ကိုလည်း ကမ္ဘောဇသာဒီ ဟု သမုတ်သည်။

နန်းတော်ပျက်စီးခြင်း

ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံသည် အချိန်တိုတိုအတွင်း ထီးနန်းဆက်ခံသည့် သားတော် နန္ဒဘုရင်လက်ထက်တွင် ပျက်စီးခြင်းသို့ရောက်လေသည်။အုပ်ချုပ်မှုမနိုင်နှင်းပဲ အောင်မြင်မှုမရှိသည့် စစ်များကို မကြာခဏဆင်နွဲသည့်အတွက် လက်အောက်ခံဖြစ်သည့် တောင်ငူဘုရင်ခံ မင်းရဲသီဟသူက ရခိုင်ဘုရင်မင်းဗာကြီးနှင့်ပူးပေါင်းကာ ပုန်ကန်သည်။တားဆီးနိုင်ခြင်းမရှိတော့ပဲ အိမ်ရှေ့မင်း မင်းရဲကျော်စွာ ပါတောင်ငူ အိမ်ရှေ့မင်းနတ်သျှင်နောင်ထံ လက်နက်ချသဖြင့် နန္ဒဘုရင်မှာ လွယ်လွယ်ဖြင့် အရှုံးပေးပြီး တောင်ငူသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ထိုနောက် တောင်ငူတပ်နှင့် ရခိုင်တပ်တို့ ကမ္ဘောဇသာဒီနန်းတော်နှင့် တကွ ဟံသာဝတီကို မီးတိုက်ဖျက်ဆီးလေသည်။သို့ဖြင့် အရှေ့တောင်အာရှတခွင်တွင် ကျော်ဇောလှသည့် ကမ္ဘောဇသာဒီနန်းတော်မှာ ပျက်စီးခြင်းသို့ ရောက်ရလေသည်။

ယနေ့ ကမ္ဘောဇသာဒီ

တပ်မတော်အစိုးရလက်ထက်တွင် အတွင်းရေးမှုး(၁)အဖြစ်တာဝန်ယူသည့် ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ ဦးဆောင်မှုဖြင့် သမိုင်းပညာရှင်များ၊ဗိသုကာပညာရှင်များက ယခင်ကျန်ရစ်သည့် မီးသင့်နန်းတော်ရာနေရာမှ အကြွင်းအကျန်များ နှင့် သမိုင်းအထောက်အထား များကိုတိုက်ဆိုင်စစ်ဆေးပြီး အသစ်ပြန်လည်တည်ဆောက်စေခဲ့သည်။ထို့ကြောင့် ယနေ့တွေ့ရှိရသည့် ကမ္ဘောဇသာဒီနန်းတော်မှာ မူရင်းမဟုတ်ဘဲ အတတ်နိုင်ဆုံးတူညီအောင် တည်ဆောက်ထားသည့် နန်းတော်သစ်သာဖြစ်သည်။

(မောင်သုတ)
Ref : wikimyanmar

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတများ

  1. စ၀်ရွှေသိုက် (4.1.1948 - 16.3.1952)
  2. ဦးဘဦး (16.3.1952 - 13.3.1957)
  3. မန်းဝင်းမောင် (13.3.1957 - 2.3.1962)
  4. ဦးနေ၀င်း (2.3.1974 - 9.11.1981)
  5. ဦးစန်းယု (9.11.1981 - 25.7.1988)
  6. ဦးစိန်လွင် (25.7.1988 - 12.8.1988)
  7. ဦးအေးကို(ယာယီ)  (12.8.1988 - 19.8.1988)
  8. ဒေါက်တာမောင်မောင် (19.8.1988 - 18.9.1988)
  9. ဦးသိန်းစိန် (4.2.2011 - လက်ရှိ)

မြန်မာနိုင်ငံ ၁၉၄၈၊ ဇန်န၀ါရီ ၄ တွင် လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်ရေးနှင့် နိုင်ငံအကြီးအကဲအဖြစ် သမ္မတရာထူးအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်။ ရာထူးအားဖြင့် သမ္မတသည် အကြီးအကဲဖြစ်သော်လည်း အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲမှာ ၀န်ကြီးချုပ်ဖြစ်သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် ဂုဏ်ထူးဆောင်သမ္မတဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ အနည်းငယ်သာရှိသည်။ လွှတ်တော်ဖျက်သိမ်းထားချိန်များနှင့် ရွေးကောက်ပွဲကြားကာလများ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လစ်ဟင်းမှုများ မဖြစ်စေရန် သမ္မတမှ ယာယီတာဝန်ယူအုပ်ချုပ်ပေးခြင်းမျိုးသာ ရှိသည်။ ထို ပါလီမန်ဒီမိုကရေစီခေတ်တလျှောက် သမ္မတတာဝန် ယူခဲ့သူများမှာ-
  1. စ၀်ရွှေသိုက်
  2. ဦးဘဦး
  3. မန်းဝင်းမောင်
တို့ဖြစ်သည်။
သို့ရာတွင် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် တပ်မတော်မှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် အထက်ပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဖျက်သိမ်းလိုက်သဖြင့် ပါလီမန်ဒီမိုကရေစီ စနစ်နှင့်အတူ သမ္မတရာထူးလည်း တစ်ပါတည်း ဖျက်သိမ်းခံရသည်။ ထို့နောက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တစ်ပါတီစနစ် ကျင့်သုံးပြီး အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတဖြစ်ကြောင်း ပြဌာန်းသဖြင့် သမ္မတသည် အာဏာပိုင်ဖြစ်လာသည်။ ထိုဖွဲ့စည်းပုံအရ တာဝန်ယူခဲ့သူသော သမ္မတများမှာ-
  1. ဦးနေ၀င်း
  2. ဦးစန်းယု
  3. ဦးစိန်လွင်
  4. ဦးအေးကို
  5. ဒေါက်တာမောင်မောင်
တို့ဖြစ်ကြသည်။

 ၁၉၈၈ (၈၈၈၈) လူထုအုံကြွမှုအပြီး တပ်မတော်မှ တဖန် အာဏာသိမ်းယူလိုက်ခြင်းဖြင့် ၁၉၇၄ ဖွဲ့စည်းပုံ ပယ်ဖျက်ခံလိုက်ရသည့်နောက်တွင် စစ်အုပ်ချုပ်ရေးကာလများတွင် စစ်ဦးစီးချုပ်များဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကသာ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ကြသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာကျင့်သုံးခြင်းမရှိသည့် ကာလဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်သော်လည်းကောင်း၊ နိုင်ငံအကြီးအကဲ အဖြစ်သော်လည်းကောင်း သမ္မတအုပ်ချုပ်ရေးပုံစံ မဖြစ်ခဲ့ပေ။ သို့သော် အစိုးရအဖွဲ့ကို ဦးဆောင်ရန် ၀န်ကြီးချုပ်တစ်ဦးကို ခန့်အပ်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည် နိုင်ငံအကြီးအကဲသာမက အစိုးရအဖွဲ့အကြီးအကဲပါဖြစ်သည်။ သို့ဖြင့် ၂၀၁၁၊ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် စစ်ဘက်မှကိုယ်စားလှယ်များ ပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ မဲပေးချက်များအရ ဦးသိန်းစိန် သည် သမ္မတဖြစ်လာသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်
  • ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ပြင်ဆင် သတ်မှတ် ဖြည့်စွက်ခြင်း ပြုနိုင်သည်။
  • ပြည်ထောင်စုဝန်ကြီးဦးရေကို လိုသလို သတ်မှတ်နိုင်သည်။ ဦးရေ တိုး/လျှော့ ပြုနိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ နိုင်ငံတော်သမ္မတမှ တဆင့် ပြည်ထောင်စုလွှတ်တော်အား လည်းကောင်း တာဝန်ခံရမည်။

နိုင်ငံတော်သမ္မတသည်
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။
  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်။

နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
  • ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်သည်။
  • ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ပြန်လည်ရုပ်သိမ်း နိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ ဖြတ်တောက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုးတွင် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းကာ နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်။

နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။


နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
  • ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။
  • ပြည်ထောင်စုလွှတ်တော် အတည်ပြုချက် ရယူရန် မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။

နိုင်ငံတော်သမ္မတသည် နိုင်ငံတော် မူဝါဒများနှင့် အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ နိုင်ငံတစ်ဝှမ်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သ၀ဏ်လွှာပေးပို့ခွင့် ရှိသည်။

လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေး ကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်းကြားနိုင်သည်။

(မောင်သုတ)

ငြိမ်းချမ်းရေး နိုဘယ်ဆု

ငြိမ်းချမ်းရေး နိုဘယ်ဆုသည် ဆွီဒင်နိုင်ငံသား တီထွင်သူနှင့် စက်မှုပညာရှင် အဲဖရက်ဘနာ့ဒ် နိုဘယ် (Alfred Bernhard Nobel)မှ ပေးအပ် ချီးမြှင့်သော နိုဘယ်ဆု ၅ ဆု အနက်မှ တစ်ဆု ဖြစ်သည်။ အခြား နိုဘယ်ဆု များမှာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဆေးပညာနှင့် စာပေတို့ ဖြစ်ကြသည်။ နိုဘယ်၏ သေတမ်းစာအရ ငြိမ်းချမ်းရေးနိုဘယ်ဆုကို နိုင်ငံများအကြား စစ်အင်အားစုများ စစ်ပြေငြိမ်းစေခြင်း၊ ထိပ်တိုက် ရင်ဆိုင်ခြင်းများ လျော့ပါးစေခြင်းနှင့် ငြိမ်းချမ်းရေးမြှင့်တင်သူနှင့် ထိန်းသိန်းနိုင်သူ တို့ကို ပေးအပ်ချီးမြှင့်ရန် ရေးသားခဲ့သည်။
အဲလ်ဖရက်နိုဘယ်၏ သေတမ်းစာအရ နိုဘယ်ဆုကို နော်ဝေနိုင်ငံ ပါလီမန်မှ ချီးမြှင့်ရမည်ဟု ရေးသားခဲ့ခြင်းကြောင့် ထိုဆုကို နှစ်တိုင်း နော်ဝေနိုင်ငံမြို့တော် အော်စလိုမြို့တွင် ဆုပေးပွဲ အခမ်းအနားဖြင့် ပေးအပ်သည်။ နိုဘယ်ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာ ၁၀ နေ့တွင် ဆုပေးပွဲ အစဉ်ကျင်းပသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို အော်စလိုမြို့ရှိ နော်ဝေးဂျီယံနိုဘယ်ကော်မတီ (Norwegian Nobel Committee) က တာဝန်ယူဆောင်ရွက်သည်။
၎င်းအခမ်းအနားသို့ နော်ဝေဘုရင်တက်ရောက်သည်။ အော်စလိုတွင် ကျင်းပသော အခမ်းအနားတွင် နိုဘယ်ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဌမှ ဘုရင်မင်းမြတ်ရှေ့တော်မှောက်တွင် ဆုပေးအပ် ချီးမြှင့်သည်။
နိုဘယ်ဆုရှင်သည် ပစ္စည်း ၃မျိုး လက်ခံရရှိသည်။ ၄င်းမှာ-
  1. ဒီပလိုမာ
  2. ဆွဲပြား
  3. ဆုကြေးပမာဏ ဖော်ပြထားသော ဆုလက်မှတ်
တို့ဖြစ်သည်။
အခမ်းအနားအပြီး နောက်နေ့တွင် ဆုနှင်းသဘင် ပျော်ပွဲရွှင်ပွဲကို အော်စလိုမြို့တော်ခန်းမတွင် ကျင်းပသည်။ ကျင်းပပုံကိုလည်း တိုက်ရိုက်ထုတ်လွှင့်သည်။ ကမ္ဘာကျော်များ တက်ရောက်ပြီး ကမ္ဘာနှင့်ချီပြီး ကြီးကျယ်ခမ်းနားသော အခမ်းအနားဖြစ်သည်။ နိုဘယ်ဆုရွေးချယ်မှုနှင့် ပတ်သက်ပြီး ရံဖန်ရံခါ အငြင်းပွားဖွယ် ကြုံရသည်မှာ နိုဘယ်ဆုရှင်သည် ယခင်က အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး အချိန်တစ်ခုတွင်မှ အကြမ်းမဖက်သော ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဦးတည်ခဲ့ခြင်းဖြစ်သည်။ ထိုဆုသည် ဆွီဒင်၊ စတော့ဟုမ်းမြို့တွင် ပေးအပ်ခြင်းမရှိသော တစ်ခုတည်းသော နိုဘယ်ဆုဖြစ်သည်။

အမျိုးသမီးများထဲမှ ထိုဆုရရှိသူ ၁၅ ဦးရှိပြီး အခြားနိုဘယ်ဆုများထက် အမျိုးသမီးဦးရေ ပိုများသည်။ ၂၀၁၁ အထိ ငြိမ်းချမ်းရေးနိုဘယ်ဆုကို လူပုဂ္ဂိုလ် ၁၀၁ ဦးနှင့် အဖွဲ့အစည်း ၂၀ ကို ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။ ကြားကာလအတွင် ထိုဆုမပေးသည်မှာလည်း ၁၉ ကြိမ် ရှိခဲ့ဖူးသည်။ ၄င်းဆုအား မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် သူမ၏ အကြမ်းမဖက် ငြိမ်းချမ်းသော ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် ရရှိခဲ့ဖူးသည်။

(မောင်သုတ)

ပါရမီဆယ်ပါး

ပါရမီ (ဆယ်ပါး - အပြားသုံးဆယ်)

၁။ ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှုကို ဖြည့်ကျင့်ခြင်း။
၂။ သီလ ပါရမီ= သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။
၃။ နိက္ခမ ပါရမီ= ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။
၎။ ပညာ ပါရမီ= ဉာဏ်ပညာတိုးပွါး ရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။
၅။ ၀ီရိယ ပါရမီ= ဇွဲလုံ့လ စွမ်းပကားကြီးမားရန် ဖြည့်ကျင့်ခြင်း။
၆။ ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။
၇။ သစ္စာ ပါရမီ= အမှန်အတိုင်းပြော၍ ပြောသည်အတိုင်း ဖြည့်ကျင့်ခြင်း။
၈။ အဓိဋ္ဌာန ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ဖြည့်ကျင့်ခြင်း။
၉။ မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွါး လိုလားမှုကို ဖြည့်ကျင့်ခြင်း။
၁၀။ ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန် ခံနိုင်ရည်ရှိစေရန် ဖြည့်ကျင့်ခြင်း။

မူလ(ရိုးရိုး) ပါရမီ ၁၀ ပါး

ကိုယ်ခန္ခာမှအပဖြစ်သော အရာများအတွက် မငဲ့ကွက်မှု။ (ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊သားမယားပါမကျန်ဖြည့်ခြင်း)

ဥပ ပါရမီ ၁၀ ပါး

ကိုယ်အင်္ဂါ အစိတ်အပိုင်းကို မငဲ့ကွက်မှု။ (စည်းစိမ်+ဇနီး ၊သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်းပါဝင်ဖြည့်ခြင်း)

ပရမတ္ထ ပါရမီ ၁၀ ပါး

ကိုယ်အသက်ကိုပင် မငဲ့ကွက်မှု။ (အသက်ကိုပါမကျန်ဖြည့်ခြင်း)

ပါရမီ ၁၀-ပါးကို ဤ ၃-ပါးနှင့်မြှောက်သော် ပါရမီ အပြား ၃၀-ဖြစ်၏။

အမေရိကန်ရေတပ် တည်ဆောက်ပုံ


လက်ရှိကမ္ဘာပေါ်မှာ စစ်အင်အားအကြီးဆုံးနိုင်ငံ ဘယ်ဟာလဲလို့မေးရင် ကလေးတောင် သိကြပါတယ်။ အမေရိကန်လို့ပဲဖြေကြမှာပါ။ ဟုတ်ပါတယ်၊ လက်ရှိမှာလဲ သူ့စစ်အင်အားကို ဘယ်သူမှမမီအောင် ခေတ်မီယာဉ်၊ လက်နက်ကိရိယာတွေနဲ့ စနစ်ကျနတဲ့လေ့ကျင့်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ အဲ့ဒီအင်အားတွေထဲမှာမှာ ရေတပ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံလေး အကြောင်း နဲနဲ ပြောပြချင်ပါတယ်ဗျ။

အမေရိကန်ရေတပ်တည်ဆောက်ပုံက ရှုပ်ထွေးပါတယ်။ အမေရိကန် စစ်ရေးအတွေးအခေါ်က စစ် (၂) ခုကို တပြိုင်ထဲ တိုက်နိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့အတွက် သူ့ရဲ့ရေတပ်ကို အတ္တလန်တစ်အုပ်စု Atlantic Fleet (Norfolk, Virginia) နဲ့ ပစိဖိတ်အုပ်စု Pacific Fleet (Pearl Harbour, Hawaii) ဆိုပြီး ခွဲထားပါတယ်။ ပြီးမှတခါ နံပါတ်တပ်ခေါ်တဲ့ Numbered Fleets ဆိုပြီး ကမ္ဘာကြီးရဲ့ ပထဝီအနေအထားရ လိုအပ်သလို ဖွဲ့ထားပြန်တယ်။ ဥပမာ အာရှ အတွက် 7th Fleet အမှတ် (၇) ရေတပ်မတော်၊ ဥရောပအတွက် 6th Fleet အမှတ် (၆) ရေတပ်မတော်။ အခုလိုအပ်လာလို့ 5th Fleet အမှတ် (၅) ရေတပ်မတော် ကို ဘာရိန်းမှာ ပြန်ထားတယ်။ နောက်ဆုံး 4th Fleet အမှတ် (၄) ရေတပ်မတော်ကို တောင်အမေရိက (Latin America) အတွက် ၂ဝဝ၈/၂ဝဝ၉ ကပြန်ဖွဲ့ခဲ့ပါတယ်။ ဒီ နံပါတ် ရေတပ်မတော်တွေက လှုပ်ရှားနေရတဲ့ ရှေ့ပြေးရေတပ်တွေ ဖြစ်တယ်။ ဥပမာ 5th Fleet အမှတ် (၅) ရေတပ်မတော်ဟာ သူ့နယ်မြေအောက်မှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာမှာ ကင်းလှည့်ရတယ်။ လိုအပ်တဲ့ သင်္ဘောနဲ့ ရေတပ်သားတွေကို အတ္တလန်တိတ်အုပ်စုနဲ့ ပစိဖိတ်အုပ်စုက Atlantic Fleet နဲ့ Pacific Fleet က အလှည့်ကျ ပို့ပေးရတယ်။ အမှတ် (၂) ရေတပ်မတော် က ဗာဂျီးနီးယားမှာရှိပြီး အတ္တလန်တိတ်သမုဒ္ဒရာ တောက်လျောက် မြောက်ကနေတောင်အထိ တာဝန်ရှိတယ်။ အမှတ် (၃) ရေတပ်မတော် ကယ်လီဖိုးနီးယားပြည်နယ် စင်ဒီရေးဂိုးမှာ ရှိတယ်။ အဝေးရောက် အမှတ်စဉ်နဲ့ ရေတပ်မတော်တွေက တကယ်ကင်းလှည့်ပြီး ရန်သူနဲ့ရင်ဆိုင်ရတဲ့ တိုက်ခိုက်ရေး တပ်တွေ၊ ဒီတပ်တွေ တိုက်ရည်ခိုက်ရည်ရှိအောင် ထောက်ပံ့ရေး Logistic နဲ့ ခဲယမ်းလက်နက် အပိုပစ္စည်းတွေ ပြည့်စုံအောင် အတ္တလန်တိတ်နဲ့ ပစိဖိတ်အုပ်စုတွေက တာဝန်ယူကြရပါတယ်။ ဥပမာ Shore Commanders ကမ်းခြေစစ်စခန်းမှူး တွေရှိပါတယ်။သူတို့က ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါ။

တခါ ရေတပ်နဲ့ အတူ ကမ်းခြေတက်တပ် မရိန်းMarines တွေရှိပါတယ်။ မရိန်းစစ်ဗိုလ်တွေဟာ ရေတပ် စစ်ဗိုလ် သင်တန်းကျောင်းမှာ အတူတူ တက်ကြရပါတယ်။ ပြီးမှ မရိန်း စစ်ဗိုလ်အဖြစ် ခွဲထွက် သွားကြပါတယ်။ သို့သော် Chain of Command လို့ခေါ်တဲ့ အဆင့်ဆင်အမိန့် လိုက်နာမှုကျတော့ မရိန်းတွေက သပ်သပ်၊ Marines Commandant အကြီးအကဲအောက်မှာရှိ ပြန်တယ်။ မရိန်းတွေမှာလဲ မရိန်းတွေကို ကူတိုက်ဖို့ မရိန်းလေတပ်အသေးစားရှိပြန်တယ်။ မရိန်းတွေဟာ ရက် (၆ဝ) အကူအညီမရဘဲ ကမ်းခြေတက်သိမ်းပြီးရင် ထိန်းထားဖို့ ပြင်ဆင်ထားပါတယ်။ ကမ်းခြေတက် မရင်းတွေ ဟာ တကိုယ်ထဲသွားလို့မရပါ။ ရေတပ် သင်္ဘောတွေက အကူပေးရတာကြောင့် ရေတပ်နှင့်အတူပါရတာကြောင့် မရိန်းတွေဟာ ရေတပ်နဲ့အတူ တွဲထားရပါတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်တွေနဲ့ တိုက်ရာမှာ မရိန်းတွေ နာမည်ကောင်း ရခဲ့ပါတယ် ။ ဒါကြောင့် မရိန်းတွေဟာ The Few, The Good, The Marines ဆိုပြီး ဂုဏ်ယူကြွေးကြော်ကြတာပါ။ လူနည်းတယ် သို့သော် တော်ကြတယ်ပေါ့။ အမေရိကန်မှာ လက်ရှိ မရင်းတပ်မ (၄) ခုရှိပါတယ်။ ကြည်းတပ်မှာ တပ်မ (၁ဝ) ခုရှိပါတယ်။

အမေရိကန်မှာ ရေတပ်အကြီးအကဲကို Chief of Naval Operation (CNO) လို့ခေါ်ပါတယ်။
အမေရိကန် တပ်မတော် ဖွဲ့စည်းပုံမှာ စစ်တပ်က အာဏာမသိမ်းနိုင်အောင် ကြည်း-ရေ-လေ-မရိန်းကို မျှမျှတတ လိုအပ်သလို ထူထောင်ပေးထားပါတယ်။ ဗမာနိုင်ငံမှာလို ကြည်းတပ်က လွှမ်းမိုးထားတာမျိုးမရှိပါ။ ဥပမာ ရေတပ်မှာ မရိန်းတပ်တွေရှိသလို လေယာဉ်တွေရှိတယ်။ အရေးအကြီးဆုံးက စစ်ဗိုလ်ချုပ်တယောက်ကို အကြမ်းဖျဉ်း (၄) နှစ်ထက်ပိုပြီး တနေရာမှာ မထားပါ။

အမေရိကန်ရေတပ်ဟာ တိုက်ပွဲထွက်ရင် မက်ထရစ် Matrix ပုံသဏ္ဌာန် သင်္ဘောတွေ လာစုပြီး task force အနေနဲ့ တိုက်ကြပေမယ့် သင်္ဘောအမျိုးအစားအလိုက် ထောင်လိုက် (Vertical) ခွဲပြီး ပဏာမအနေနဲ့ လေ့ကျင့်ကြရတယ် ။ ဥပမာ။ ။ ရေငုပ်သင်္ဘောအုပ်စုနဲ့ ရေပေါ် သဘောင်္အုပ်စုဆိုပြီးခွဲ ထားတယ်။ ရေပေါ်သင်္ဘောအုပ်စုအောက်မှာ လေယာဉ်တင်သင်္ဘောအုပ်စု၊ ဖျက်သင်္ဘောအုပ်စု၊ ခရူဇာအုပ်စု၊ ဖရီးဂိတ် အုပ်စုဆိုပြီး သင်္ဘောအမျိုးအစားလိုက်ခွဲပြီး လေ့ကျင့်ရတယ်။ ဒါတွေကို အုပ်ချုပ်ဖို့ type commanders တွေဆိုပြီးရှိတယ်။ သင်္ဘောအမျိုးအစားအလိုက် ကျွမ်းကျင်အောင် လုပ်ခြင်းဖြစ်တယ်။

လေယာဉ်တင်သင်္ဘောဟာ တစီးထဲ ကင်းလှည့်လေ့မရှိပါ ။ carrier group လို့ခေါ်တဲ့ အစောင့်အလျှောက်တွေ ခြံရံပြီး ကင်းလှည့်ရပါတယ် ။ ဥပမာ Aeigis system လို့ခေါ်တဲ့ ရေဒါစနစ်က မိုင် ၃ဝဝ အတွင်းရှိရှိသမျှသော သင်္ဘောတွေ၊ လေယာဉ်တွေကိုရှာပြီး လိုအပ်ရင် ပစ်ချနိုင်ဖို့အဆင်သင့် လုပ်ထားရပါတယ်။ လေယာဉ်ပစ်ဒုံးပျံတွေ၊ ရေငုပ်သင်္ဘောကိုပစ်ဖို့ depth charge တွေပေါ့။ ဒါပေမဲ့ အဝေးကရေအငုပ်သင်္ဘောကျတော့ ဆိုနာ sonar နဲ့ပဲရှာလို့ ရပါတယ်။ ဒါကြောင့် ရေငုပ်သင်္ဘောလဲ ပါရပြန်တယ်။ လိုအပ်ရင် တော်ပီတိုနဲ့ပစ် အကာအကွယ်ပေးမယ်။ ဒါကြောင့် ကိုယ့် သင်္ဘောအလိုက် ကျွမ်းကျင်မှုကို Type commander တွေက လေ့ကျင့်ပေးပြီး ဒုတိယ အဆင့် အားလုံးပါဝင် တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်ကြရပြန်တယ်။ ဥပမာ ဒီတာဝန်ကို Atlantic Fleet အတွက် 2nd Fleet က တာဝန်ယူလေ့ကျင့် ပေးရပြန်တယ်။

ရေငုပ်သင်္ဘောမှာလဲ မတူတဲ့ တာဝန်တွေရှိပြန်တယ်။ ရန်သူ ရေငုပ်သင်္ဘေတွေ၊ ရန်သူ့ သင်္ဘောတွေကို လိုက်ရှာပြီး ဖျက်စီးတိုက်ခိုက်နိုင်တဲ့ ရေငုပ်သင်္ဘောကို attack submarine (SSN) လို့ခေါ်ပါတယ်။ သူတို့ က အရွယ်အစားပိုသေးတယ်။ ပိုမြန်တယ်။ စစ်အေးတိုက်ပွဲခေတ်က ရန်သူက မိမိနိုင်ငံကို လက်ဦးမှုယူပြီး တိုက်ခိုက် ဖျက်ဆီးခဲ့သည်ရှိသော် ရန်သူကို ပြန်လည်ချေမှုန်းဖျက်ဆီးနိုင်ဖို့ အဝေးပစ် အနုမြူဒုံးပျံတွေ တင်ပြီး ကင်းလှည့်နေတဲ့ ရေငုပ်သင်္ဘောတွေကို Fleet ballistic missile submarines (SSBN) လို့ခေါ်ပါတယ်။ ဒါက MAD (Mutual Assured Destruction) ငါသေရင် မင်းလဲ သေမယ်ဆိုတဲ့ မဟာဗျူဟာအရပါ SSBN တွေ တခါတခါ တာဝန်ကျရင် လနဲ့ချီပြီး ရေအောက် မှာပျောက်နေတတ်ပါတယ်။

ရေငုပ်သင်္ဘောဟာ ဒီဇယ်ဆီနဲ့မောင်းရင် ဘက်ထရီကိုအားပြန်သွင်းဖို့ ရေပေါ်ပြန်တက်ရပါတယ်။ ဒါကြောင့် အမေရိကန် ရေငုပ် သင်္ဘောတွေ အားလုံးဟာ အနုမြူအားနဲ့မောင်းတဲ့ သင်္ဘောတွေချည်းပါပဲ။ ထို့အပြင် အခု cruise missile တွေပါတပ်ဆင်ထားတာပါတယ်။ ရေအောက်က ကုန်းကို ပစ်နိုင်စွမ်းရှိတာကြောင့် ရေငုပ်သဘောင်္တွေဟာပိုပြီး အရေးပါလာကြပါတယ်။ ရေငုပ်သင်္ဘောမှာ အသံမထွက်ဖို့က အဓိကကျပါတယ်။ ဆိုဗီယက်ခေတ်က ရေငုပ်သင်္ဘောတွေဟာ စက်သံဆူညံတာကြောင့် ဆိုနာနဲ့ လွယ်လွယ် ရှာနိုင်တယ်။ တရုတ်သင်္ဘောတွေဟာ အမေရိကန်ရေငုပ်သင်္ဘောတွေထက် ပိုဆူညံတာကတော့ မငြင်းနိုင်တဲ့ အားနည်းချက်ဖြစ်ပါတယ်။

စစ်တပ်ဆိုတာဘာလုပ်လုပ် အမိန့်ပြန်တမ်းနဲ့ မှတ်တမ်းရေးရပါတယ်။ ဒါကြောင့် စစ်တပ်မှာ institutional knowledge လို့ခေါ်တဲ့ အဆက်ဆက် နားလည်မှု ရှိပါတယ်။ လေယာဉ်တင် သင်္ဘော တည်ဆောက်နိုင်တာ တပိုင်း၊ ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ် တိုက်ခိုက်နိုင်တာတပိုင်းပါ။ ဒါကြောင့် တရုတ်ရေတပ်မတော်ဟာ လေယာဉ်တင် သင်္ဘောချင်း ယှဉ်နိုင်ဖို့ အနည်းဆုံး (၅) နှစ်ကနေ (၁ဝ) နှစ်၊ (၁၅) နှစ် ကြိုးစားရပါအုံးမယ်။

အမေရိကန်ရေတပ်ဟာ ဒုတိယကမ္ဘာစစ်က Midway တိုက်ပွဲမှာ ရာမာမိုတိုခေါင်းဆောင်တဲ့ ဂျပန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော (၄)စီးကို ဖျက်ဆီးနိုင်ပြီးကထဲက လေယဉ်တင် သင်္ဘောချင်း တိုက်တဲ့ စစ်အတွေ့အကြုံကိုရခဲ့ပြီး ကိုရီးယားစစ်၊ ဗီယက်နမ်စစ်၊ အီရတ်စစ်တွေမှာ လေယဉ်တင်သင်္ဘောနဲ့တိုက်တဲ့ အတွေ့အကြုံတွေ တောက်လျောက် ရခဲ့ပါတယ်။ တရုတ်ဟာ အခုမှ စ လုံးရေ စ ရမှာ။

လေယဉ်တင်သင်္ဘောတွေဟာ ရန်သူ့ တော်ပီတိုကိုရှောင်ဖို့ ဒုတိယကမ္ဘာစစ်ကထဲက တိုက်ပွဲဝင်ရင် တည့်တည့်မမောင်းဘဲ ဘယ်လှည့်ညာလှည့် zig zag မောင်းရတာတွေ ရှိတယ် ။ အခုခေတ်မှာ အတတ်ပညာတွေ တိုးတက်တာကြောင့် ရန်သူပစ်လိုက်တဲ့ တိုပီတိုကို ရှောင်တိမ်းနိုင်တဲ့ နည်းပညာတွေ၊ လမ်းပြောင်းပေးနိုင်တဲ့ diversion techniques နည်းလမ်းတွေ ရှိပါတယ်။

ထို့ပြင် ခေတ်မီ စစ်တပ်တွေမှာ ညတိုက်ပွဲကို မကျွမ်းကျင်လို့ မရပါဘူး။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ ည မှာ လေယာဉ် အဆင်းအတက်ကို မလေ့ကျင့်လို့မရပါ ။ အန္တရာယ်လဲ အလွန် ကြီးမားပါတယ်။ လေယဉ်တင်သင်္ဘောမှာ ဆင်းလာတဲ့ လေယာဉ်ကို သံမဏိချိတ်တွေနဲ့ချိတ်ပြီး လေယာဉ်ကို စောင့်ရပ်စေရတာပါတယ်။ Tail-Hook လို့ခေါ်ပါတယ်။ တက်တော့လဲ Catapult လို့ခေါ်တဲ့ သံမဏိလေးခွနဲ့ အရှိန်တချီထဲရအောင် တွန်းတင်ပေးလိုက်တာပါ။ ဒါကြောင့် အမေရိကန်လေယာဉ်တင်သင်္ဘောတွေမှာ အရောင်နဲ့ခွဲပြီး Color-coded သူ့နေရာ၊ သူ့တာဝန်ခွဲပြီး orchestra သီချင်းတီးဝိုင်းလို၊ ဟန်ချက်ညီညီ တာဝန်ယူကြရတာ။ တချက်လေးမှားတာနဲ့ လူအသေအပျောက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ တချိန်လုံး လေ့ကျင့်နေကြရပါတယ်။

လေယာဉ်တင်သင်္ဘောဆိုတာက ရေတပ်အင်အားအပြင် လေတပ်အင်အားကိုပါ တင်ပြီး ပင်လယ်ပြင် တနေရာကနေ နောက်တနေရာကို သယ်ဆောင်ပြီး အင်အားပြ၊ အင်အားချဲ့တာကိုး။ လေတပ်၊ ရေတပ်တွေမှာ ဒုတိယကမ္ဘာစစ်ကထဲက fighter တိုက်လေယာဉ်နဲ့ fighter bomber (သို့) တော်ပီတို လေယာဉ် Torpedo plane ဗုံးကြဲတိုက်လေယာဉ်ဆိုတာတွေ ဆိုတာတွေ ရှိပါတယ်။ အခုခေတ်မှာတော့ multi-purpose fighter လို့ခေါ်ကြပါတယ်။ ကွာတာက fighter ရဲ့ ရည်ရွယ်ချက်က လေယာဉ်ကနေ မြေပြင်ကို ဗုံးကြဲဖို့မဟုတ် ရန်သူ့လေယာဉ်ကို ပစ်ချဖို့သက်သက် ဖြစ်ပါတယ်။

ယနေ့ခေတ် လေယာဉ်တိုက်ပွဲတွေမှာ ရေဒါရဲ့ အစွမ်းက သိပ်အရေးကြီးပါတယ်။ ရန်သူ့လေယာဉ်ကို အဝေးကြီးကထဲက မြင်နိုင်ရင် အစောကြီး ကိုယ်ကပစ်ချနိုင်မှာပေါ့။ ဒါကြောင့် နိုင်ငံတချို့က ရေဒါကို လေယာဉ်အပေါ် တင်ထားကြပါတယ်။ လေယာဉ်တင်သင်္ဘော အတွက် အသေးစား E-2C Hawkeye ဆိုတာရှိသလို လေတပ်အတွက် အကြီးစား AWACS ဆိုတာတွေရှိပါတယ်။ ရှေ့ဦးမှာ Fighter bomber တွေက ဗုံးကြဲဖို့ ရှေ့ကပျံသန်းပြီး တိုက်လေယာဉ် fighter တွေက နောက်ကစောင့်ရှောက်ပေး၊ အဲဒီနောက်ကမှ ရေဒါလေယာဉ်တွေက လမ်းကြောင်းထိန်းပေးရပါတယ်။ ဒါ့အပြင် ဗုံးတွေဟာ အရင်လို မတိမကျ မဟုတ်၊ ပစ်မှတ်ကို တည့်တည့်အတိအကျ အတိအကျ ပြစ်နိုင်တဲ့ Precision Guidance Bombsတွေ ဖြစ်တယ်။ ဒါကြောင့် လေယာဉ်တင်သင်္ဘောဆိုတာ လေကြောင်း တိုက်ပွဲတွေကို အနိုင်တိုက်နိုင်မယ့် လေယာဉ်မောင်းသမားတွေနဲ့ ခေတ်မီ လေယာဉ်တွေ တိုက်နည်းခိုက်နည်းတွေလိုလာပြန်တယ်။

အမေရိကန်မှာ F22 (Raptor) ဆိုတဲ့ 5th Generation Fighter ကို တပ်ဆင်ပြီးပါပြီ။ F35 ဆိုတဲ့ multi-purpose fighter ကို မကြာခင် ထုတ်ဝေဖြန့်ချိနိုင်တော့မှာပါ။ အမေရိကန်ရဲ့ လွှတ်တော်က ဥပဒေနဲ့ F22 ကို ဘယ်နိုင်ငံမှ မရောင်းရဆိုတဲ့ ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ F35 ကိုတော့ လေတပ်၊ ရေတပ်အပြင် မိတ်ဆွေနိုင်ငံတွေ၊ နေတိုးနိုင်ငံတွေကိုရောင်းချမှာပါ ။ အကြောင်းက အမေရိကန် တနိုင်ငံပဲ မိမိထုတ်လိုက်တဲ့ 5th Generation multi-purpose fighter ကို ပစ်ချနိုင်တဲ့ (စွမ်းအင်) ရှိအောင် တကွက်ချန်ထားတာပါ။ ရှားဘုရင်လက်ထက်က အီရန်ဟာ အမေရိကန်ရဲ့ အရင်းနီးဆုံးမိတ်ဆွေနိုင်ငံဖြစ်တော့ အဲဒီတုန်းက ခေတ်အမီဆုံး F14 Tomcat ဆိုတဲ့ လေယာဉ်တွေကို ရောင်းချခဲ့တယ်။ ရုတ်တရက် ရှားဘုရင် ပြုတ်ကျသွားပြီး ခိုမေနီတက်လာတော့ ရန်သူ့ဆီမှာ ခေတ်အမီဆုံး လက်နက်တွေရောက်ကုန်တယ်။ F14 Tomcat ကို ပစ်ချဖို့ သူ့ထက်သာတဲ့ လေယာဉ်မရှိဖြစ်သွားရော။ ဒါကြောင့် အခုတော့ အဲဒီသင်ခန်းစာယူပြီး သြတေးလျားလို မိတ်ဆွေနိုင်ငံကတောင် F22 ဝယ်ချင်တာ မရောင်းတော့ဘူး။ အခု Top Gun အဆင့်မြင့် ရေတပ်၊ လေကြောင်း သင်ကြားရေးကျောင်းမှာ လက်ရှိ F18-E/FHornet တွေနဲ့ F22 တို့ကို စီးချင်း တိုက်စေရာ F22 ကအမြဲအနိုင်ရတယ်လို့ စစ်ရေးကျွမ်းသူတွေက မိန့်ဆိုကျေနပ်နေကြပါတယ်။

ဒါကြောင့် လေယဉ်တင်သင်္ဘောရဲ့ လေယာဉ်စွမ်းအင်မှာလဲ အမေရိကန်ရေတပ်က အသာရလျက် ရှိပါတယ်။

အမေရိကန်ရေတပ်မှာ သင်္ဘောတွေ စစ်မှုထမ်းသက်တန်းကျော်သွားရင် mothballs လုပ်ပြီး အနားပေးလိုက်ပြီ ဆိုပေမယ့် စွန့်ပစ်လိုက်တာမဟုတ်ပါ။ စစ်လက်နက်တွေကိုဖြုတ် ဂိုထောင်ထဲမှာသိမ်းထားပြီး သင်္ဘောတွေကို သံချေးမတက်အောင် ကျကျနန သိမ်းထားပြီး Reserve fleet အနေနဲ့ ထိန်းသိမ်းထားတာပါ။ ဥပမာ ဒုတိယကမ္ဘာစစ်ကထဲက battle ship တွေကို ရော်နယ်ရေဂင်ခေတ်မှာ ဆွဲထုတ်လာပြီး Cruise missile တွေတပ်ဆင်ပြီး လက်ဘနွန်မှာ ပြဿနာပေါ်တော့ USS New Jersey နဲ့ အင်အားပြ အမြောက်ကြီးတွေနဲ့ လှမ်းထုတာကိုး။ သင်္ဘော ဆိုတာက လိုမှ ချက်ချင်းဆောက်လို့မရတာ မဟုတ်လား။
ရော်နယ်ရေဂင်ခေတ်က စစ်အင်အားထူထောင်တာမှာ “600 ships navy” သင်္ဘော ၆ဝဝ ရှိတဲ့ရေတပ်ဆိုပြီး ကြိမ်းဝါးခဲ့ပေမယ့် ထိန်းသိမ်းရတဲ့ စရိတ် ကြီးမားလွန်းတာကြောင့် အခု သင်္ဘော ၂၈၉ စီး၊ ရေတပ်သားဦးရေ ၃၂,၈၅၁၆ - အရံတပ်သား ၁ဝ၁,၆၈၉ နဲ့လေယာဉ် ၃,၇ဝဝ ရှိတဲ့ ရေတပ် ပြန်ဖြစ်သွားပါပြီ။ လက်ရှိအစီအမံအရ သင်္ဘော ၃ဝ၃ စီး ရှိဖို့ ရည်မှန်းထားပါတယ်။

အမေရိကန်ရေတပ်ဟာ ပြည်ပအန္တရာယ်ကိုပဲ တာဝန်ရှိပါတယ်။ ပြည်တွင်းအတွက် ကမ်းရိုးတန်းလုံခြုံရေး (Coast Guard) ဆိုတာရှိပါတယ်။ ပြည်တွင်းကိစ္စတွေကို ဒီတပ်ဖွဲ့က တာဝန်ယူရပါတယ်။ အရင်က ဒီတပ်ဖွဲ့ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာထားပြီး ယခု ပြည်တွင်းလုံခြုံရေး Homeland Security ဝန်ကြီးဌာနအောက်မှာထားပါတယ်။

ရေတပ်မှာ Military Sealift Command – United States Naval Special Warfare Command - NSW - Naval Intelligence စတဲ့ဌာနနဲ့ တပ်ဖွဲ့တွေ အမြောက်အများ ရှိပါသေးတယ်။ ကမ္ဘာကျော် Navy Seals ဟာ NSW အောက်မှာရှိတာပါ။ Navy Seals ၂၄၅ဝ နဲ့ အရန် ၃၂၅ ဦးရှိပါတယ်။ ဗမာ့ရေတပ်မတော်မှာတောင် Navy Seals (၃) ဦးရှိပါတယ် ။ ကျနော် မှတ်မိသလောက် ဒုဗိုလ်မှူးကြီးအဆင့်တွေရောက်ကုန်ပါပြီ။ ပထမနီးစပ်ရာတွေ လွှတ်ရာ ကျကျလာလို့ အောင်ကာစ လူငယ်တွေ လွှတ်မှ အောင်လာကြတယ်လို့ သိရတယ်။ အမေရိကန်တွေတောင် (၄) ယောက်မှာ (၁) ယောက်ပဲ အောင်ကြပါတယ်။ ထိုင်းရေတပ်မှာ အမေရိကန်စနစ်အတိုင်း လေ့ကျင့်ပေးတဲ့ Navy Seals သင်တန်းရှိပါတယ်။ အမေရိကန် ရေတပ်ဖွဲ့စည်းပုံကို စံနစ်တကျ လေ့လာရင် တော်တော်ရှုပ်ပါတယ်။

တရုပ်ဗိုလ်ချုပ်ယောက်က အကယ်၍များ မင်းတို့ရဲ့ ဖလော်ရီဒါ ကမ်းခြေအလွန်မှာ ငါတို့ တရုတ်လေယာဉ်တွေ ကင်းလှည့်နေရင် မင်းတို့ ဘယ်လိုခံစားရမလဲလို့ အမေရိကန် ဗိုလ်ချုပ်တယောက်ကို မေးဖူးတယ်။ ဂျော့ဘုရှ်တက်ခါစက ပထမဦးဆုံး တွေ့ကြုံရတဲ့ နိုင်ငံတကာပြဿနာဟာ ဟိုင်နန်ကျွန်း အဖြစ်အပျက်လို့ တွင်ကျန်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အမေရိကန်ရေတပ်ရဲ့ လျှပ်စစ်အချက်ပြချက်တွေကို ထောက်လှမ်းတဲ့ EP-3E ARIES II နဲ့ တရုတ်ရေတပ်မတော်ရဲ့ J-8 II တိုက်လေယာဉ်တို့ တိုက်မိကြရာ အမေရိကန်ရေတပ် လေယာဉ်ဟာ ဟိုင်နန်ကျွန်းမှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်။ တရုတ်လေယာဉ်သမားက မခံချင်စိတ်ပြင်းထန်ပြီး အနီးကပ်ခြိမ်းခြောက်ရာက တိုက်မိကြတယ်။ တရုတ်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး အသက်ဆုံးခဲ့တယ်။

တရုတ်တွေ ဘယ်လောက်ခံပြင်းကြတယ် ဆိုတာကိုတွေးကြည့်နိုင်တယ်။

မကြာသေးခင်ကလဲ ဂျပန် အလွန်မှာ အမေရိကန် ထောက်လှမ်းရေးသင်္ဘော (၂) စင်းကို တရုတ်ရေတပ်က လိုက်နှောင့်ယှက်တယ်လို့ အမေရိကန်ရေတပ်က စွပ်စွဲထားတယ်။

အင်အားရှိလာတော့ ပြိုင်အမောက် ထောင်ရဲလာတာပေါ့။

ဆိုဗီယက်ခေတ်က စစ်အင်အားကိုသာ အလွန်အကျွံ မြှင့်ခဲ့ပေမယ့် စီးပွားရေးမှာ မလိုက်နိုင်၊ ကွန်မြူနစ် စီးပွားရေးစနစ် ကျေးဇူးကြောင့် ချွတ်ခြုံကျဆင်း။ အပြင်မှာ ဟန်ဆောင်နေရပေမယ့် အလယ်မှာ ဟောင်းလောင်းကြီး။ တရုတ်ခေတ်ရောက်တော့ တရုတ်ကြီးက လူလည်။ အာဏာကိုသာ ကွန်မြူနစ်ပါတီက ကိုင်ထားတယ်။ စီးပွားရေးမှာ အရင်းရှင်စံနစ်။ တကမ္ဘာလုံးကို တရုတ်ပစ္စည်းတွေ ဈေးချိုချိုနဲ့ရောင်းပြီး စက်ရုံနဲ့၊ အလုပ်တွေ တရုတ်ပြည်ရောက်ကုန်တော့ ငွေထုတ်ပိုက်ပြီး တကမ္ဘာလုံးက သယံဇာတတွေလိုက်ဝယ်။ ငွေချေး၊ အကူအညီပေး အင်အားဖြန့်နိုင်ရုံမက (ငွေ)ရှိတော့ စစ်တပ်ကို ထူထောင်နိုင်တာပေါ့။ အမှန်တော့ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာပါပဲ။ ဒါ တိန်လျောက်ပိန်လို ဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေ ပြန်တက်လာလို့ပါ။ ဝါဒစွဲကြီးတဲ့ (၄)ဦးဂိုဏ်းသာ အာဏာရခဲ့ရင် တရုတ်တွေ မြောက်ကိုရီးယားပြည်သူတွေလို ပြောင်းဖူးစေ့ လိုက်ကောက် စားနေရမှာပါ။ တိုင်းပြည်ထူထောင်တဲ့အခါမှာ ဉာဏ်ရှိတဲ့၊ ပညာတတ်တဲ့ တိုင်းပြည်ကို ချစ်တဲ့ ခေါင်းဆောင်ကောင်းတွေ လိုအပ်ပါတယ်။

ကျနော်တို့နိုင်ငံသားတွေရဲ့ အားနည်းချက်က (စစ်) ဆိုရင်မုန်းလိုက်တာ၊ ရေတောင် (စစ်) မသောက်ဘူးဆိုပြီး (စစ်) နဲ့ပတ်သက်ရင် ဘာမှ မသိချင်၊ မလေ့လာချင်ကြဘူး။ အမှန်က နိုင်ငံရေး (တိုက်ပွဲ) ဆိုတာလဲ စစ်ပွဲနဲ့မခြားနားတွေ အများကြီးရှိပါတယ်။ ဆွန်ဇူးက မိမိ၏ရန်သူနှင့် မိမိကိုယ် မိမိသိပါစေ၊ စစ်ပွဲတရာရဲ့ ရလဒ်ကို ကြောက်စရာမလိုဘူး If you know the enemy and know yourself you need not fear the results of a hundred battles လို့ပြောခဲ့တယ် မဟုတ်ပါလား။

ရေတပ်ဗိုလ်ချုပ်တွေမှာ အတွေးအခေါ်တခုရှိပါတယ်။ ဒီကနေ့တိုက်ပွဲမှာ မိမိဘက်က အရေး မသာခဲ့ရင် ပြန်ဆုတ်၊ ပြန်စု၊ ပြန်ဖြည့်ပြီး နောက်နေ့စစ်ပွဲအတွက်ပြင်ဆင်ရပါတယ်။ သူသေကိုယ်သေ မတိုက်ကြပါ။ စစ်သူကြီးဟန်နီဘောကို ရောမတွေ ရင်ဆိုင်တိုက်ပွဲ အကြိမ်ကြိမ် ရှုံးပြီးတော့ ရင်ဆိုင်မတိုက်တော့ဘူး။ ရှောင်ပြီး ထောက်ပံ့ရေးလမ်း ကြောင်းတွေကို ဖျက်ဆီး၊ လက်ပန်းကျအောင် ဖြေးဖြေး အမှည့်ခြွေပြီးမှ အနိုင်တိုက်တာ။ တိုက်ပွဲဗျူဟာ strategy ကို စိတ်ဝင်စားမှုမရှိ၊ မသိ။ အစွန်းရောက် အတွေးနဲ့တွေးရင် ဒါတွေကဟာ သတ္တိ မရှိတာလို့ စွပ်စွဲကြမှာပေါ့။ အသိချင်း မတူရင် အတွေးချင်း မတူနိုင်ကြပါ။

ဆွန်ဇူးရဲ့စကားကိုပဲ စဉ်းစားစေချင်ပါတယ်။

All men can see these tactics whereby I conquer, but what none can see is the strategy out of which victory is evolved.

ဗျူဟာအရေးကြီးတာကို သိစေချင်လို့ပါ။

စစ်ဆိုတာ ချက်ချင်း ထတိုက်လို့မရပါ။ ဖြစ်နိုင်ခြေတွေကို ကြိုတင်စဉ်းစားပြီး ပြင်ဆင်ရပါတယ်။ ဗျူဟာ ကြိုစဉ်းစားထားရပါတယ်။

(MM Soldier)
From Internet

နိုင်ငံရေး၊ နိုင်ငံတကာရေးရာ နှင့် ယနေ့ တပ်မတော်



"ယနေ့မှစပြီး တပ်မတော်ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြမယ့် ရဲဘော်တို့ဟာ နောင်တစ်ချိန်မှာ နိုင်ငံတော်တာဝန်နှင့် တပ်မတ်ာတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်တယ်။

ရဲဘော်တို့ဟာ စစ်ရေးအမြင်တစ်ခုတည်းရှိနေရုံဖြင့် မလုံလောက်တော့ဘူး။ စစ်ရေးဆိုတာ နိုင်ငံရေးနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသကဲ့သို့ နိုင်ငံရေး ဆိုတာကလဲ စီးပွားရေးနှင့် အပြန်အလှန် မှီတည်လျှက် ရှိနေတယ်။

ယနေ့ဆင်နွှဲနေသော ခေတ်သစ်စစ်ပွဲများဟာ လက်နက်ကိုင်တိုက်ခိုက်တဲ့ စစ်ရေးသက်သက်မဟုတ်တော့ဘဲ Multi Dimensional Warfare ဆိုတဲ့ ဘက်စုံစစ်ပွဲအသွင်ဖြင့် ဆင်နွှဲနေသကဲ့သို့ စစ်ရေးမဟုတ်သော စိမ့်ဝင်မှုများဖြင့်လည်း စိမ့်ဝင်တိုက်ခိုက်နေတာကို တွေ့မြင်လာရတယ်။

ဒါ့ကြောင့် ရဲဘော်တို့ဟာ စစ်ရေးအမြင်သာမက နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် နှင့် နိုင်ငံတကာရေးရာ အမြင်များဖြင့်ပါ ပြည့်စုံနေအောင် အမြဲကြိုးစား ဆောင်ရွက်ဖို့လိုအပ်တယ်။

အဲဒီလို ပြည့်စုံနေမှလည်း နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုသည့် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ အားထားရသော လက်ရုံးရည်၊ နှလုံးရည် နှင့် ပြည့်စုံသည့် ခေါင်းဆောင်များ ဖြစ်လာမှာ ဖြစ်တယ်။"

«တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ၀၉-၁၂-၂၀၁၁ ရက်နေ့ မိန့်ခွန်းမှ ကောက်နှုတ်ချက်»

(Zaw Win)

တကယ်တော့ ခေတ်က ဒီလို

တကယ်တော့ ခေတ်က ဒီလို...

စာအုပ်တွေတာရှိပြီး စာမျက်နှာတွေပျောက်ဆုံးနေတယ်...
အရင်ကလူမိုက်တွေကို လူလိမ္မာကတရားချတဲ့ခေတ်
အခုကအဲလိုမဟုတ်ဖူး
လူလိမ္မာကို လူမိုက်တွေက လမ်းညွှန်နေတဲ့ခေတ်...
အကောင်းတွေလုပ်နေရင်တောင်
အဆိုးလို့မြင်နေတဲ့ခေတ်...
သူခိုးက လူပြန်ဟစ်တဲ့ခေတ်....

ခေတ်က တခါတလေ အော်ကလီဆန်တယ်...
ဖြစ်ချင်တာတွေကို စာအုပ်နဲ့အလွတ်ကျက်
လူအုပ်အုပ်ရှိတဲ့နေရာမှာ လူတွင်ကျယ်လုပ်ပြီး
ဖြစ်သင့်တာတွေ လစ်လျူရှု့ကာ. အဲဒါ ငါကွဆိုပြီး
လက်မထောင်ချင်ကြတဲ့ ခေတ်
လူ ငါးယောက်လောက်စုမိပြီဆို
မိုးမရွာလဲ ဆန္ဒပြမယ်
နေမပူလဲ ဆန္ဒပြမယ်..
မီးမလာလဲ ဆန္ဒပြမယ်..
ယုတ်စွအဆုံး
သမီးလင့်နောက်လိုက်တာတောင် ဆန္ဒပြမယ့် ခေတ်...

ခေတ်က တခါတခါ ရူးကြောင်ကြောင်နိုင်တယ်...
မဟုတ်မမှန် သတင်းတွေကို ခေါင်းစဉ်ကြီးကြီးတပ်ပြီးလွှင့်မှ ရေးမှ
လူကြိုက်များတဲ့ခေတ်...
မီဒီယာဆိုတာကလဲ တိုင်းပြည်တိုးတက်ဖို့ အကြံပေးခြင်းဝေဖန်ခြင်းမဟုတ်ပဲ
သူတို့ထမင်းတလုပ်အတွက် ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်ကို
အပုတ်ချပြီး ပြည်သူတွေကိုရန်တိုက်ပေးနေတဲ့ ခေတ်
လူရွှင်တော်ကလဲ ကိုယ့်နိုင်ငံကို အပုတ်ချ နိုင်ငံရေးကြောင်းလေးပြောမှ
စင်အောက်က ပရိတ်သတ်ကို ဆွဲဆောင်နိုင်မယ်လို့ ထင်တဲ့ခေတ်...
အောက်က ပရိတ်သတ်ကလဲ အဲလိုပြောမှ လက်ခုတ်တီးတဲ့ ခေတ်...
နောက်ကြာလာရင်
နိုင်ငံတော် သီချင်းတောင် ပျက်လုံးလုပ်ပြောမယ့် ခေတ်....


ခေတ်က ရှေ့ကိုတိုးနေသလိုနဲ့ ကျောက်ခတ်ကို ဦးတည်နေတယ်..
မိန်းကလေးတွေကလဲ ရှိတာအကုန်ဖော်မှ ခေတ်မှီတယ်လို့
ထင်နေကြလေရဲ့
သေချာတယ် အရမ်းကြီးလုံခြုံနေရင်တောင် သူတို့ကိုယ်သူတို့
တော်တော် အောက်နေပီလို့ မှတ်ယူကြတဲ့ခေတ်...
ဓါတ်ပုံရိုက်ရင်တောင် လျှာတစောင်းကိုက်ပြီး ထွက်နေမှ
(cute) ဖြစ်တယ်လို့ ထင်တဲ့ခေတ်....
အနုပညာသည်ဆိုတာ တိုင်းပြည်တခုရဲ့ ပြယုဂတ်ပဲလေ
ဟုတ်တယ်...
အခုခေတ်အနှပညာရှင်တွေကလဲ အကုန်ကို ဖော်ပြနေတဲ့ခေတ်...
အနုပညာလို့ခေါင်းစဉ်တပ်ပြီး စင်ပေါ်တက် sexy ဆွဲနေတဲ့ခေတ်...

ခေတ်က တော်တော်လေးမျက်နှာများတတ်တယ်...
လက်ညိုးထိပ်နဲ့ လက်မထိပ် နှစ်ခုကို ကြာကြာလေးထိနိုင်ရင်
A B C အစအဆုံးမရရင်တောင် ဘုရားတဆူလို
ကိုးကွယ်နေကြတဲ့ခေတ်...
ဇိမ်ခံကားပေါ်ကနေပြီး....လမ်းဖြတ်ကူးတဲ့သူကို အော်ဆဲတဲ့ခေတ်.
အ၀ိုင်းပြပြီး..ကမ္ဘာကျော်ချင်တဲ့ ခေတ်...

ခေတ်က တခါတခါ တရားကျဖို့ကောင်းတယ်...
တိုက်ပွဲမှာ တိုက်ပြည်အတွက် ယမမင်းထံအသက်ကိုအပ်နှင်း သွားရတဲ့
စစ်သား(တပ်မတော်သား)တွေရဲ့ အဖြစ်က
သူတို့ကြည့်နေတဲ့ ဇတ်ဝင်ခန်းမှာ မင်းသား သေသွားတဲ့အခန်းလောက်
တောင် နှမြောတတ ၀မ်းနည်းမှု့မဖြစ်ကြဘူး


လယ်ထဲမှာ နေထွက်ကနေ နေ၀င်ထိ နွားနဲ့ဖက်ရုန်းကန်နေတဲ့
အရိုးခံ တောသူတောင်သားတွေ ငတ်ပြတ်နေပြီး
ဂျင်ပေါ်ထုံးကွက်တဲ့ ဒေါ်လာစားတွေကတော့ ဇိမ်ခံကားစီးရင်း
မုသာဝါဒကံကို ချိုးဖောက်နေတုန်း...


တချို့ကြတော့လဲ ဓါးသွားပေါ်က ပျားရည်စက်ကို သောက်လို့ကောင်းနေတုန်းလေ...

တကယ်တော့ ........

......................................

..............................................
ခေတ်က အဲလို


(လွမ်းဝေ)

စစ်ထွက်မှာတမ်း



○◘♦စစ်ထွက်မှာတမ်း♦◘○

မငိုလိုက်ပါနဲ့...မေ

မလှမပ စကားတွေနဲ့
အညတရ စစ်သားဘ၀မှာ
အတူနေခွင့်ဆိုတာ ဘေးချိတ်
အလွမ်းတွေကို မျိုသိပ်ပြီး
မပြီးဆုံးသေးတဲ့
တာဝန်တွေအတွက်
မောင့်ချစ်သူနဲ့
အဝေးဆုံးကိုထွက်ခွါရဦးမယ် မေ..။

အနားမှာ မောင်မရှိခိုက်
အစစအရာရာ ဂရုစိုက်လို့
လမိုက်ညတွေလဲ
တွေးမကြောက်ပါနဲ့မေ...

အငွေ့အသက်တွေရှင်သန်နေတဲ့
အိပ်ရာဝင် အခန်းလေးထက်မှာ
အလွမ်းတွေ သီးကုံးပြီး
မောင့် ခေါင်းအုံးလေးကိုလဲ
ဖက် ငိုမနေနဲ့မေ...။

မျက်နှာခြင်းဆုံခဲ့
လက်ဆုံနွဲတဲ့ ထမင်းဝိုင်းလေးမှာ
နေရာလွတ်တနေရာစာအတွက်
မျက်ရည်တွေလဲ မဝေပါနဲ့မေ...။

တခဏတာ ဆိုပေမယ့်
အသက်ပါ
အာမ မခံတဲ့ခရီးမို့
တဘ၀စာလဲ နှတ်ဆက်နိုင်တယ်မေ...။

ကံကြမ္မာ အလှည့်အပြောင်းအောက်
မောင်များ ပြန်မရောက်နိုင်ခဲ့ရင်
တိုင်းအပြည်အတွက် အလဲအထပ်
မောင့်အသက်ကို နှင်းအပ်ခဲ့ရတာမို့
မောင်စုံမက်တဲ့
ကြင်ယာဖက်တယောက်အနေနဲ့
ဂုဏ်ယူပေးပါ မေ...။


မသွားခင် သည်ခရီးဦးမှာ
မောင့်ချစ်သူ နဖူးလေးကိုတော့
မရေမရာသေးတဲ့ အနာဂတ်အတွက်
အသေအချာလေးကြည့်ပြီး
ခပ်ကြာကြာလေးတော့ နမ်းခဲ့ပါရစေ မေ..။

မောင်ချစ်တဲ့မေရေ...
မောင်သွားမယ့်ခရီးက
အသက်ကိုလောင်းကြေးထပ်
ကံကြမ္မာကိုပုံအပ်ရတာမို့
အနှောင်အဖွဲကင်း
နောက်ဆံ မတင်းခဲ့ချင်ဘူး
ဒီအတွက်
မငိုလိုက်ပါနဲ့မေ...။


(လွမ်းဝေ)

စေလိုရာစေ မေ




○◘••♦♦စေလိုရာ စေ..မေ••♦♦◘○


စစ်သည်မောင်ပါ

မရှိစေချင်ခဲ့ဖူးကွယ်
သံယောဇဉ်အမျှင်အတန်း
အလွမ်းဇတ်လမ်းတွေ
မထားခဲ့ချင်တာမို့...
ဆွေးရက်တွေ ဒီမောင်မှာ
စိတ်မဖြောင့်ဘူး
ပင်ပန်းလှတယ်မေ...။

နေချင်ပါတယ် မေ့အနား
လှမ်းမရ ရက်တွေမှာ
မှန်းဆက တမ်းတပါလို့
ငိုချင်တယ် ဆိုငြား
ထိုစကားက အပိုတွေများဖြစ်နေမလား
စိုးရိမ်စိတ်တွေနဲ့ ခြောက်ခြား
မေ့အနားက
တဖ၀ါးမှ မခွါချင်ခဲ့ပါဘူး
သတိရတယ် မေရယ်...။

အနေတွေ ဝေးကွာလို့
သွေခွါတော့ မပြစ်လိုက်ပါနဲ့
ချစ်စကားတွေ
တဖွဖွ မပြောနိုင်ပေမယ့်
ကတိစကားတွေတော့
မောင် ထားခဲ့ပါရစေ...
အနမ်းတွေ မဝေဆာ
ခြေလှမ်းတွေ
မသာယာခဲ့ဘူးဆိုရင်တောင်
သင်းတမျှမျှနဲ့
အတွေးလှလှတွေပုံဖော်ပြီး
ယမင်းလှလှ ပန်ဆင်ဖို့
အလွမ်းတွေကို မောင်ပျိုးထားတယ်
ယခု ညတိုင်းလွမ်းတယ် မေရယ်....။


အနာဂတ်ကို မျှော်ကြည့်
ဆူးညှောင့်တွေတော့
ရှိနေမှာပဲလေ...
သစ္စာတွေ လက်ခြင်းထပ်
မေတ္တာတွေ ရင်ခြင်းအပ်ပြီး
ယုံကြည်မှု့တွေ တည်ဆောက်
နှစ်ကိုယ်တူ လမ်းတွေဖောက်ကြမယ် မေ...။

မျှော်လင့်ခြင်း ကုဋေကုဋာနဲ့
မရေမရာ အိမ်မက်တွေကြားမှာ
ကြယ်တာရာကို အဖော်ပြုလို့
သေသေချာချာ အဖြေရှာကြည့်မိတယ်
မောင်တို့တွေ မဝေးပါဘူးနော်...

မေ့ရဲ့ ကိုယ့်ပွား
မောင့်ထံ စာလွှာပါးခဲ့တဲ့ညက
ချစ်ပါတယ်ဆိုတဲ့ မေ့စကားနဲ့
မောင့်နှလုံးခုန်သံတွေ
ဆက်၍နေတယ်...
တောတောင်ရေမြေစခန်းမှာ
တာဝန်တွေထမ်းရွက်လို့
စေလိုရာ စေ မေ...။



(လွမ်းဝေ)

ညီမလေးသို့ စာတစ်စောင်


"ညီမလေး သို့ စာတစ်စောင်"


ညီမလေးရေ..
လူတွေက ပြောပြောနေကြတယ်..ဒီခေတ်မိန်းကလေးတွေ က တန်ဖိုးတွေကျလာကြတယ်တဲ့…
ဘာ့အတွက်ရယ်လို့ မပြောနိုင်ပေမယ့် ဘာ့တွေကြောင့် ဖြစ်နိုင်တယ် ဆိုတာ စဉ်းစားရင်း ဒီစာလေးကို
ရေးလိုက်ရတယ်..။

ညီမလေးရေ…
ဘ၀မှာ ဖြစ်ချင်တာတွေထက် .ဖြစ်သင့်တာတွေကို ဦးစားပေးပါ.. ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်တဲ့အချိန်မှာ
ဖြစ်ခဲ့တာတွေနဲ့ရောင်ရဲ တင့်တိမ် ကျေနပ်နိုင်အောင် ...ကြိုးစားပါ...။
လောကမှာ လိုချင်တာတွေများလာရင် အန္တရာယ် ဆိုတာ ကြုံလာရတတ်သလို
အဲဒီအန္တရာယ်တွေက ပဲ ညီမလေးဘ၀ကို သင်ခန်းစာတွေ ပေးသွားလိမ့်မယ်..

ဘယ်နေရာ..ဘယ်ဒေသမဆို ခေတ်နဲ့ပတ်ဝန်းကျင်ကို လိုက်လျော ညီထွေအောင်
နေထိုင်စားသောက်၊၀တ်ဆင်ပါ....ခေတ်ဆန်တာများလွန်းရင်
တန်ဖိုးတွေကျလာတတ်သလို .
ခေတ်နောက်ကျ လွန်းနေရင်လည်း ရိုး အ လွန်းသူလို့ အပြော
ခံရတတ်တယ်...။
ဒါကြောင့် မလျော့လွန်း မတင်းလွန်း တဲ့ မူကိုကျင့်သုံးပါ....။

ညီမလေးရေ…
လူတိုင်းကို အလေးထားပါ...လူတိုင်းကို အရေးပါ အရာရောက်တဲ့ လူတွေလိုမြင်ပေးပါ...
ဒီလူက ဆရာဝန် ..ဟိုလူက ကူလီထမ်း(porter)သမားဆိုပြီး ခွဲခြားမဆက်ဆံပါနဲ့
တိုင်းပြည် တခု နယ်ပယ် တခုမှာ..
အားလုံးဆရာဝန်တွေဖြစ်နေလို့ မရသလို... ကူလီထမ်း(porter)
သမားမရှိရင်လဲ အဒီ တိုင်းပြည်က မပြည့်စုံနိုင်ပါဘူး......။
အုန်းရေ သောက်ချင်ရင်...အုန်းတက်သမားရဲ့ အကူအညီလိုတယ်ဆိုတာ...
နားလည်ထားပါ..။

အချိန်တိုင်း နေရာတိုင်းမှာ အပျော်တွေကို မရှာပါနဲ့....၊ လက်ရှိ အချိန်တွေကို ဘဲ
ပျော်တတ်အောင်ကြိုးစားပါ..။အပျော်တွေ မက်တာများလွန်းရင်
ဂုဏ်သိက္ခာတွေ ကျဆင်းလာတတ်တယ်....။
ကုဋောတစ်သန်းခြေလှမ်းပိုင်ရှင် မြန်မာ မိန်းကလေးတွေ အတွက်..
အပျော်တွေကို အမြဲရှာဖွေနေလို့
မသင့်တော်ဘူးဆိုတာ ..ညီမလေး သိထားပါ ။

အရာရာကို ပေါ့ပေါ့ဆဆ မလုပ်ဘဲ စဉ်းစားချင့်ချိန် ပြီး မှ ဆုံးဖြတ်ပါ...
ဘယ်အရာကို မဆို အသေးအဖွဲ ဟူ၍ မထားဘဲ...အလေးအနက်
ထားပြီး လုပ်ကိုင်ပါ...........။
ပုခတ်လွှဲတဲ့ လက်ပိုင်ရှင် မိန်းကလေးတို့ဘ၀က တချိန်မှာ ကမ္ဘာ ကိုအုပ်စိုးနိုင်တယ်ဆိုတာ
မမေ့ပါနဲ့..။
ညီမလေးရေ…
စကားအများကြီးပြောပြီး ...ဟားတိုက်ရယ်မောခြင်းတွေကို တတ်နိုင်သ၍ ရှောင်ကြဉ်ပါ.
.ဖြစ်ချင်တာ အများကြီးကို .ဖြစ်သင့်တဲ့ စကားတချို့နဲ့ ထိရောက်နိုင်အောင်ပြောပါ...
ဟားတိုက်ရယ်မော ခြင်းဟာ အပြစ်ကင်းစင်တဲ့ ညီမလေးရဲ့
အပြုံးလှလှတွေကို ဖုံးကွယ်သွားတတ်တယ်.ဆိုတာ အထူးသတိပြုပါ..။

တနေ့တာ ဖြတ်သန်း ကုန်ဆုံးခဲ့တာတွေကို....ညအိပ်ရာဝင်ခါနီး အချိန်တိုင်း.
သေချာပြန်လည်စဥ်းစား သုံးသပ်ပါ..
အမှား အမှန်ကို နားလည် သိမြင်နိုင်ခြင်း က
အောင်မြင်ခြင်းရဲ့ အဓိက သော့ချက်ဆိုတာ ည်ီမလေးသိထားပေးပါ...။

ညီမလေးရေ
နှလုံးသားရေးရာ ကိစ္စနဲ့ ပက်သတ်လာရင်
.တစ်ယောက်ထဲကနေ အများကြီးကို မချစ်ဘဲ တစ်ယောက်ကို ပဲ
အများကြီးချစ်တတ်အောင်ကြိုးစားပေးပါ...။
ဒါမှ ညီမလေးက ချစ်သူအတွက် ပါရမီဖြည့်ဖက်ကောင်း တစ်ယောက်ဖြစ်မှလေ...။

ညီမလေးရေ..
အနေနီးခြင်း၊ဝေးခြင်းက .အချစ်စစ်ကို ပိုင်ဆိုင်ထားသူတွေ အတွက်
ဘာမှမပြောင်းလဲ နိုင်ပါဘူး.၊နှလုံးသားတွေအတူရှိနေခြင်း၊မရှိခြင်းဘူးအပေါ် မူတည်ပြီးသာလျှင်
အချစ်က ပြောင်းလဲသွားတတ်ပါတယ်..
ဒါ့ကြောင့်...ညီမလေး လူတစ်ယောက်ကို တကယ် ချစ်မိနေပြီဆိုရင်.နှလုံးသား ခြင်း
အတူရှိနေ အောင်ကြိုးစာပေးပါ...။

အနားမှာ မရှိနိုင်တဲ့အချိန်တွေမှာ စိတ်တွေလေလွင့်ပြီး နှလုံးသားကို ရှေ့တန်းမတင်မိပါစေနဲ့..
ငယ်ရွယ်နုနယ်တဲ့ ညီမလေးတို့တွေက နှလုံးသားကိုရှေ့တန်းတင်မိရင်
မလိုလားအပ်တဲ့ ပူဆွေးသောကတွေကို ကြုံတွေ့ရတတ်ပါတယ်.....။
နှလုံးသားက ဦနှောက်ရဲ့ထိန်းချုပ်မှု့အောက်မှာဘဲ ရှိသင့်တဲ့အရာဆိုတာ ညီမလေး သိထားပေးပါ.....။

ညီမလေးရေ ..
နောက်ဆုံးအနေနဲ့ မှာချင်တာက
ဘ၀ခရီးလမ်းမှာ အရာရာကို အလျှင်စလို မဆုံးဖြတ်ပါနဲ့ အလွယ်တကူမပေးဆပ်ပါနဲ့
အလျှင်စလို ဆုံးဖြတ်ချက်တွေက ဘ၀နဲ့ရင်းနှီးရသလို အလွယ်တကူ ပေးဆပ်ခြင်းကို
ဘယ်သူမှ တန်ဖိုး မထားကြပါဘူး..
ဒါ့ကြောင့် အသိနဲ့ သတိ ကိုယှဉ်တွဲပြီး ခရီးကြမ်းကို နင်းလျှောက်ပါ….

ဒီလောက်ပါပဲ ညီမလေးရယ်..
မွှေးရနံ့သင်းတဲ့ ခပ်မြင့်မြင်က ပန်းတပွင့်ဖြစ်ပါစေ..

(လွမ်းဝေ)

ဒီဆောင်းကုန်ရင် ပြန်လာမယ်အမေ


ဒီဆောင်းကုန်ရင် ..
ကျနော်ပြန်လာမယ် အမေ..

အရင်လို ကလေးတယောက် မဟုတ်တော့ပေမယ့်
ရင့်ကျက်မှု့တွေကို သင်ယူဆဲပဲ..

ဘ၀မှာ ချွင်းချက်တွေများလွန်းတော့
တခါတခါ ကျနော် အမေအတွက် စိတ်ပူမိတယ်..။

ဖြစ်ခွင့်ရဦးမယ်ဆိုရင်
အရင်တချိန်ကလို အမေ့နားမှာ ဆူငေါက်တာတွေခံချင်သေးတယ်

အမေ့ဂရုဏာ ဆုံးမမှု့တွေအောက်မှာ
ကျနော်ရဲ့ ဗိုက်ခေါက်ကြောတွေတောင်
အမေ့ကို လွမ်းလို့..

ဒီကောင်လေးတော့ နာဦးမယ်ဆိုတဲ့ ကြိမ်းမောင်းသံတွေက
သွေးထွက်အောင် နားဝင်ချိုတယ် အမေ..

အမေကျွေးတဲ့ ဟင်းတခွက်အတွက်
ခေါင်းတွေအခါခါရမ်းလို့
မစားချင်ဘူး ..
မကြိုက်ဖူးဆိုပြီး...
အသိခေါက်ခက် အ၀င်နက်တဲ့
ကျနော်ရဲ့ လုပ်ရပ်တွေအတွက်
အမေ စိတ်ဆင်းရဲ ခဲ့ရမှာပဲနော်..

တမြေဝေးဆီက သားထံသို့
အခါခါသတိပေး
မကြာမကြာရေးတဲ့ အမေရဲ့ စာလေးတွေကို ကြည့်ပြီး
ဆိုးမိုက်ခဲ့တာတွေ ၀န်ချ
ပြန်မရတော့တဲ့ အတိတ်က အမှားတွေအတွက်
အမေ့ရဲ့ ခြေဖမိုးထက်မှာ
ဦးညွှတ်ကာ ရှိခိုးလို့

ဟုတ်ကဲ့..
ဒီဆောင်းကုန်ရင် ကျနော် ပြန်လာခဲ့မယ်အမေ..။

(လွမ်းဝေ)
 —

စစ်ခွေးတကောင်ရဲ့ ပေးဆပ်မှုလား






" ဒါက ခင်ဗျားတို့ ပြောပြာနေတဲ့ စစ်ခွေးတကောင်ရဲ့ ပေးဆပ်မှု့လား "



ကျနော် တခုလောက်တော့မေးချင်တယ်...

ခင်ဗျား မငိုပဲနဲ့ မျက်ရည်တွေ ကျခဲ့ဖူးလားလို့..
ကျနော်ကတော့ ၀န်ခံပါရစေ.. စိတ်ဓါတ် ပျော့်ညံ့တယ်လို့ပဲပြောပြော..
ရင့်ကျင့်မှု့ မရှိဘူးလို့ပဲဆိုဆို...
ဟုတ်ကဲ့ ..
ကျနော် အားတင်းထားတဲ့ ကြားက မျက်ရည်တွေ ဝေခဲ့ဖူးတယ်..။

ဖြစ်တောင့် ဖြစ်ခဲ တဲ့ လူ့ဘ၀မှာ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တယ်လို့
မှတ်ယူထားတဲ့ သူတွေအတွက်တော့...
အသက်ကိုလောင်းကြေးထပ်ပြီး ခရီးဆက်နေတဲ့ စစ်သားတွေ အတွက်
ဒါတွေက မိုက်မဲ မှု့လို့များ သတ်မှတ်ကြမလား..။

ကျနော့်အမြင်လား
ရှင်းပါတယ်.. ဒါက ကျနော့်တိုင်းပြည်အပေါ် တာဝန်သိတတ်မှု့ပဲ။

အဲဒီတုန်းက တကယ်ကိုကြမ်းတမ်းတဲ့ စစ်ဆင်ရေးတခု..
ဒီစစ်ဆင်ရေး ရဲ့ အပြန်ခရီးမှာ အားလုံးနီးပါး အကောင်းပကတိ ပြန်မလာနိုင်ဖူးဆိုတာ
ကျနော်လဲ သိတယ် ..နောက်ပြီး ကျနော်ရဲ့ ရဲဘော်ရဲဘက် အားလုံးလဲ သိတယ်..
ဒါက သူငယ်ချင်းတွေ စုဝေးသွားတဲ့ အပန်းဖြေ ခရီးတခုမဟုတ်ခဲ့ဖူးလေ..။
တဦးတယောက် ဒါမှမဟုတ် အဲထက်ပိုတဲ့ တခုခုတော့ ပေးဆပ်ခဲ့ရမှာပဲ...

တပ်မှာရှိတဲ့ ရဲမေတွေက သူတို့ခင်ပွန်းအတွက် စိုးရိမ်ကြောင့်ကြတဲ့ အမူအရာတွေနဲ့
တဖွဖွ မှာကြားကြသလို လူပျိုရဲဘော်တွေအတွက်တော့ ဘုရားစာရွတ်ပြီး ရှေ့တန်းစစ်မြေပြင်ကို
ချီတက်ခဲ့ရတာပေါ့..

ဒါနဲ့..
သေရမှာ ကြောက်လို့လား လို့ ခင်ဗျား ကျနော်ကို မေးလာခဲ့ရင်တော့
ဟုတ်ကဲ့ ခပ်မြန်မြန်လေး ခေါင်းညိမ့်လိုက်မယ် ကျနော် လဲ သေရမှာ ကြောက်ပါတယ်
ဒါပေမယ့် ကျနော်တို့က စစ်သားလေ.. မနက်တိုင်းသစ္စာ(၄)ချက် ရွတ်ဆိုထားတယ်
"ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏"

စစ်မြေပြင်က အရမ်းကြမ်းတယ်...
နွေရာသီ ဆိုတော့..ရေငတ်တယ်...ရေချိုးဖို့ဆိုတာ တော့ တွေးမနေနဲ့
မျက်နှာသစ်ဖို့တောင် တပတ်မှ နှစ်ခါ လောက်ရယ်။
စားစရာလား
ဒါကိုမပြောခင် တခုလောက်တော့ မေးချင်တယ်..။
ခင်ဗျားဘ၀မှာ ဆီမရောတဲ့ သတ်သတ်လွတ် ဘယ်နှစ်ခါစားခဲ့ဖူးလဲလို့..
ထားလိုက်ပါ
ကျနော်က ကျနော်တို့ အငတ်ငတ်အပြတ်ပြတ်နဲ့ ဒုက္ခရောက်ခဲ့တဲ့ဘ၀ကို ဖောက်သည်ချ
ချင်လို့ ဒီစာကိုရေးတာမှ မဟုတ်တာ...။


အသိနဲ့ သတိကို ကိုယ်နဲ့မကွာ ဆောင်ကြဉ်းထားတဲ့ ကြားက
ဆုံးရှုံးသွားရတဲ့ စစ်သည်တွေ လနဲ့ချီလာတဲ့ အခါ တော်တော်လေးများလာတယ်...

ကိုယ်လက် အင်္ဂါဆုံးရှုံးလိုက်ရတဲ့ စစ်သည်တွေ
နေရာမှာ ပွဲချင်းပြီး အသက်စွန့်သွားရတဲ့ ရဲဘော်တွေ
အနားမသိဆေးမရှိလို့ ဒုက္ခ မျိုးစုံနဲ့ လမ်းမှာ ၀ိညဉ်ချုပ်ငြိမ်းသွားရတဲ့ ကျနော်ရဲ့ လုပ်ဖောက်ကိုင်ဖက်တွေ
ဒါတွေက ခင်ဗျားတို့ပြောပြောနေတဲ့ စစ်ခွေးတကောင်ရဲ့ ပေးဆပ်မှု့တွေလား..


မှတ်မှတ်ရရ..
အဲဒီထက် ပိုပြောရရင် မမေ့နိုင်တဲ့နေ့

ကျနော်တို့ စစ်ကြောင်းကလှုပ်ရှားဆိုတော
အဲ့နေ့က ကျနော်က ပွိုင့် ပြေးရမယ့်အလှည့်ပါ ဒီလမ်းက အန္တရယ် များတယ်
ညီလေးက ဘာမှ အတွေ့ အကြုံမရှိသေးဘူး ..အကိုပဲပွိုင့်ပြေးမယ်ဆိုပြီး ကျနော်ထက်
စီနီယာကျတဲ့ အကိုတယောက်က ကျနော်ကိုယ်စား သူပဲဦးဆောင်ပွိုင့်ပြေးတယ်
သိပ်မကြာလိုက်ပါဘူး " ဂျိမ်း "ဆိုတဲ့ အသံနဲ့ အတူ သူခြေထောက် တဖက် ဆုံးရှုံးသွားတယ်

သူ့နာမည်ပြောင်က ကိုဒိုကြီးတဲ့ ဘရာဇီး လက်ရွေစင်ဟောင်း (ရော်နယ်ဒို)
နာမည်ကို ယူပြီး အမည်တွင်ထားတာ ..
ဘောလုံးကန် သိပ်ကောင်းတာပေါ့
အခုတော့ သူ့ခြေထောက် တဖက်ပြတ်သွားရှာတယ်..
ဒီအတွက် သူ နောင်တရနေမယ် ထင်လား

သူ့ကို နောက်တန်းဆေးရုံကို ပြန်ပို့ခါနီးမှာ
စကားတခွန်းပြောသွားတယ် ..
"ညီလေး ကိုယ့်ခြေထောက်တဖက်ကိုကြည့်ပြီး အစစအရာရာ မပေါ့ဆနဲ့တဲ့
ဒါတွေက အကို့ ပေါ့လျော့မှု့ကြောင့် ဖြစ်ရတာ "ဆိုပြီး
သူ့အတွက်တောင် မစဉ်းစားပဲ ကျနော်တို့ စိတ်မချစွာနဲ့ မှာသွားတယ်

ဒါတွေကရော ကိုယ့်အတွက် မငဲ့ပဲ ညီရင်းအကိုထက်ပိုတဲ့ သံယောဇဉ်တွေနဲ့
ခင်ဗျားတို့ ပြောပြောနေတဲ့ စစ်ခွေးတွေရဲ့ စည်းလုံးညီညွှ့တ်မှု့လား


ကျနော်တို့တပ် စစ်ဆင်ရေး နားဖို့ အမိန့်ကျလာတော့ နောက်တန်း ပြန်ဝင်လာခဲ့တယ်..
ကျနော်အစက ပြောခဲ့သလိုပေါ့ ဒီစစ်မြေပြင်ကြီးမှာ တဦးတယောက် ဒါမှ မဟုတ် အဲထက်ပိုတဲ့
အရေအတွက် ပေးဆပ်ခဲ့ရမှာပဲဆိုတာလေ..
အခု.. တချို့သူတွေကို ကျနော်တို့ထားခဲ့ရပြီ...
တချို့သူတွေရဲ့ အနာဂတ်တွေက ဒုက္ခိတ ဆိုတဲ့ ဘ၀ကို မလိုချင်ပဲ လက်ခံလိုက်ရပြီ..
ပြီးတော့ သူတို့နဲ့ ဆက်နွယ်နေတဲ့သူတို့ရဲ့ ဇနီးမယားတွေ သားသမီးတွေရဲ့ အနာဂတ်ကရော
မုဆိုးမ အဖမဲ့ ဆိုတဲ့ ဘ၀တွေကို မလိုချင်ပဲ ရောက်ခဲ့ရပြီ..


တပ်ရောက်တော့ ရှေ့တန်းပြန်စစ်သည်တွေကို ညစာစားပွဲနဲ့ ဧည့်ခံကြတယ်..
ညစာစားပွဲဆိုပေမယ့် ထွေထွေ ထူးထူးကြီး မဟုတ်ဘူး
စစ်တပ်က ထုတ်ပေးတဲ့ အာမီ အရက်နဲ့ တိုလ်ီမိုလီ အမြည်းလေးပေါ့
ဒါပေမယ့် ကျနော်တို့ စစ်သည်တွေအတွက် ဒိလောက်နဲ့လဲ တင့်တိမ် ပျော်မွေ့နိုင်ကြတယ်.
ကျနော်တို့က အညတရ ဘ၀ပိုင်ရှင်တွေပဲ မို့လား..။

ညစာစားပွဲ မစခင်မှာ တပ်ရင်းမှု့က လူတယောက်ကို ဂုဏ်ပြုချီးမြင့်ဖို့ရှိတယ်လို့ပြောတယ်..
ဘယ်သူလဲဆိုတဲ့ အတွေးနဲ့ ကျနော်တို့ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့အချိန်မှာ
ဂျိုင်းထောင့်တဖက်ကို အားပြုပြီး ဖြေးဖြေးခြင်းလျှောက်လာတဲ့ လူတယောက်ကို ကျနော်တွေ့လိုက်တယ်
ဘယ်သူများပါလိမ့်..။ ပြီးတော့ သူတို့အပတ်စဉ်က ကျနော့်အကိုကြီးတွေ ပြေးဖက်တွဲခေါ်မှ
ကျနော်သိလိုက်ရတယ်... ကျနော်အတွက် အနစ်နာခံသွားတဲ့ ကိုဒိုကြီးပဲ ...
ကျနော်သူ့ကို အရပ်ဝတ်ကြီးနဲ့ အခုလိုမြင်လိုက်ရတော့ ရင်ထဲမှာ နင့်နေအောင်ခံစားရတယ်
ကျနော်အပြင် ဒီဧည့်ခံပွဲမှာ ရှိတဲ့ စစ်သည်အားလုံးရဲ့ရင်ထဲမှာလဲဒီတိုင်းပါပဲ..
သူကတော့ ပြုံးလျက်ပဲ..
ကျနော်ထင်ပါတယ် ဒီလိုဟန်ဆောင် အပြုံးတွေနဲ့ သူ့ဘ၀ကိုသူ နေတတ်ခဲ့အောင်
မနည်းကြိုးစားခဲ့ရမှာပဲဆိုတာ..။

ခဏကြာတော့
သူတို့ အပတ်စဉ်တူ အကိုကြီးက သီချင်းတပုဒ်ကို ထဆိုလိုက်တယ်.. ကျနော် သူငယ်ချင်း
ဒိုကြီးအတွက်ပါတဲ့...
တီးလုံး လာသံကြားတာနဲ့ အားလုံးရဲ့ရင်ထဲမှာ ဆို့နင့်စွာနဲ့ သီချင်းကို သံပြိုင်လိုက်ဆိုကြတယ်.

"အားလုံးပြီးဆုံးသွားတော့ ရင်တခုလုံး ကြေသွားလား ...ကိုယ်ချင်းစာပါတယ် ..
အို သူငယ်ချင်း သိပ်မဆန်းဘူး ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ...
ဆုံးရှုံးခြင်းက တို့တွေ ပြေးမလွတ်နိုင် မောပန်းလွန်းတဲ့ မင်းရဲ့ လိပ်ပြာလေး
ဖြေသိမ့်လိုက်..
ကံကြမ္မာဆိုတာက ချိုတလှည့် ခါးတစ်လှည့် အခုလဲ ...ဒီလိုပဲ
အောင်မြင်လိုက် ရှုံးနိမ့်လိုက် လဲကျတဲ့အခိုက် ကွဲခဲ့တဲ့ မင်းနှလုံးသား
အက်ကြောင်းလေးက အမြဲတမ်း အမှတ်တရပေါ့ ဆက်လျှောက်ရမယ့်
မင်းရဲ့ ဘ၀သစ်အတွက် ဖြေသိမ့်လိုက်
သူငယ်ချင်း... ရှေ့ဆက်မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ အောင်မြင်ပါစေ
တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ..."

ကျနော်သူ့ကိုကြည့်ပြီး အတွေးတွေ ၀င်လာတယ်
ဘောလုံးကန်နေတဲ့ သက်တူရွယ်တုတွေကို မြင်တိုင်း
သူ့ခြေထောက် သူပြန်ကြည့်ပြီး မျက်ရည်တွေဝေ နေမလား
သိမ်ငယ်နေရှာ မလား ဒါမှမဟုတ်..ရယ်ရယ်ပြုံးပြုံးနဲ့ သူခုံမင်တဲ့ ဘောလုံးပွဲတွေကို
လက်ခုပ်တီး ထိုင်အားပေးနေနိုင်မလား..
သူ့နေရာမှာ ကျနော်တို့ ခင်ဗျားတို့ ဆိုရင်ရော...


ကျနော်ကတော့ ၀န်ခံပါရစေ.. စိတ်ဓါတ် ပျော့်ညံ့တယ်လို့ပဲပြောပြော..
ရင့်ကျင့်မှု့ မရှိဘူးလို့ပဲဆိုဆို...
ဟုတ်ကဲ့ ..
ကျနော် အားတင်းထားတဲ့ ကြားက မျက်ရည်တွေ ဝေခဲ့ဖူးတယ်..။


(လွမ်းဝေ)

မှတ်ချက်။ ။ ဒီစာကို ဖတ်ပြီး စစ်ခွေးလို့ အော်နေတဲ့ ပါးစပ်တွေ ခဏလောက်ဖြစ်ဖြစ် ပိတ်သွားနိုင်ရင် ကျနော် ကျေနပ်ပါတယ်..။

ကြယ်စင်မော်ကွန်း (Trailer)


ဘယ်တော့ထွက်မလဲမသိဘူး... ကြည့်ချင်လိုက်တာဗျာ.....

(MM Soldier)

ပြည်ထောင်စုအင်္ဂါစဉ်


၁။    နိုင်ငံတော်သမ္မတ
၂။    ဒုတိယသမ္မတ (၁)
၃။    ဒုတိယသမ္မတ (၂)
၎။    ပြည်သူ့လွှတ်တော်ဥက္ကဌ
၅။    အမျိုးသားလွှတ်တော်ဥက္ကဌ
၆။    ပြည်ထောင်စုတရားသူကြီးချုပ်
၇။    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၈။    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌ
၉။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
၁၀။  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၁၁။  ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ
၁၂။  အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ
၁၃။  ပြည်ထောင်စုဝန်ကြီးများ
၁၄။  ပြည်ထောင်စုရှေ့နေချုပ်
၁၅။  ပြည်ထောင်စုစာရင်းစစ်ချုပ်
၁၆။  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ
၁၇။  ၀န်ကြီးချုပ်များ
၁၈။  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)
၁၉။  တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ
၂၀။  ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ
၂၁။  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ
၂၂။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ
၂၃။  ဥပဒေကြမ်းကော်မတီ
၂၄။  ပြည်သူ့ငွေစာရင်းကော်မတီ
၂၅။  လွှတ်တော်အခွင့်အရေးကော်မတီ
၂၆။  အစိုးရအာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ
၂၇။  တိုင်းမှူးများ
၂၈။  ဒုတိယ၀န်ကြီးများ
၂၉။  ဒုတိယရှေ့နေချုပ်
၃၀။  ဒုတိယစာရင်းစစ်ချုပ်
၃၁။  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊အဖွဲ့ဝင်များ
၃၂။  နေပြည်တော်ကောင်စီဝင်များ
၃၃။  တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ
၃၄။  ကာကွယ်ရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးများ

(ကိုဇော်လေး)

ဖြောင့်ချက် ( ရောက်တတ်ရာရာ အတွေးစုများ)


♥ အတ္တတွေ လွန်ဆွဲနေခဲ့တဲ့
ငါတို့နှစ်ယောက်ရဲ့ ချစ်ဇတ်လမ်းမှာ
နှလုံးသားတွေ မြေဇာပင်ဖြစ်ခဲ့ရတယ်.....။

♥ လှည့်မကြည့်ကြေးဆိုတဲ့
ငါတို့နှစ်ယောက်ရဲ့ လမ်းခွဲခြင်းမှာ
မျက်ရည်စတို့ ကြင်သူမဲ့ရတယ်.....။

♥ တိုက်ဆိုင်မှု့ဆိုတဲ့
ငါတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့တွေမှာ
တမ်းတခြင်းတွေ အဖော်မဲ့ရတယ်.....။

♥ မဖြစ်နိုင်ဖူးဆိုတဲ့
ငါတို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေကြားမှာ
စိတ်ကူးယဉ်ကမ္ဘာလေး ပျက်စီးခဲ့ရတယ်.....။
.......
.......

♥♥ ဖြစ်နိုင်ဦးမယ် ဆိုရင်ပေါ့.....
အဲဒီအရာတွေ အားလုံးအတွက် ဖြောင့်ချက်တခုတော့ လိုချင်ပါသေးတယ်.....။

(လွမ်းဝေ)

အခုတော့ ( ရောက်တတ်ရာရာ အတွေးစုများ)



အိပ်မရတဲ့ ညတွေတိုင်းက
နင့်ကြောင့်ပါလို့ မဆိုရက်ခဲ့ဘူး
တခါတခါ ကံတရားက
နှလုံးသားတွေကို အကြိမ်ကြိမ် ကစားတတ်တယ်..။

ထုတ်ဖော်ပြလို့ မရတဲ့
ခံစားချက်တွေ နင်သိဖို့ဆိုတာ
စကားလုံးတွေ အများကြီးလို အပ်သေးတယ်...။

ခပ်ပေါ့ပေါ့လေး ချစ်ခဲ့တာ မဟုတ်တဲ့အတွက်
မုန်းနိုင်ဖိုထက်
ငါနင့်ကို မေ့နိုင်အောင် ကြိုးစားရဦးမယ်...။

ပြီးခဲ့တဲ့ အတိတ် နဲ့ ဦးနှောက်ရဲ့ သုံးသပ်ချက်တွေမှာ
အရာ အားလုံးက ငါတို့နှစ်ယောက်လုံး
မှားခဲ့ ကြတာပါ...
ဟုတ်တယ်လေ
နင့်ရဲ့အတ္တတွေကို ငါ့နားလည်ပေးဖို့
ငါ့မာနတွေကို အလံဖြူ မလွှင့်ခဲ့မိဘူး..။

တကယ်ဆို..
ငါ မျက်ရည်ဝဲရုံမဟုတ်ပါဘူး
မျက်ရည်တွေ ရွှဲနေခဲ့တာ...
သိပ်ချစ်ခဲ့ဖူးတယ် ဟာ...။

အခုတော့
.................
....................
.........................

နင့်အတွက်
ကဗျာတွေနဲ့ ရူးနေတတ်ခဲ့ပြီ...။


(လွမ်းဝေ)

ပထမ မြန်မာများ

1. ပထမဆုံး သမ္မတ = စဝ်ရွှေသိုက်
2. ပထမဆုံး ၀န်ကြီးချုပ် = ဦးနု

3. ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

4. ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာမင်းသား နှင့် မစ္စတာလိန်း (ဒေါက်တာ ဆင်မျူယ် ဂျွန်ဆင်၏ အင်္ဂလိပ်အဘိဓာန်ကို ပြန်ဆို)

5. ပထမဆုံး သိပ္ပံစာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
6. ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ရသူ=အာဇာနည်ခေါင်းဆောင်ကြီးဆရာကြီးဦးရာဇတ်

7. ပထမဆုံး အင်ဂျင်နီယာ =ဖန်ချက်ဝန် ဦးရွှေအိုး

8. ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော်ဦးဥတ္တမ

9. ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း

10. ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု

11. ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူ နှင့် ဒါရိုက်တာ = လန်ဒန်အတ်ဦးအုန်းမောင်

12. ပထမဆုံး မြန်မာ့ရုပ်ရှင် စတန့်မင်းသား = ကျော်စိုး

13. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသား = ဦးကျော်ဝင်း

14. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး =ကြည်ကြည်ဌေး

15. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ကလေးသရုပ်ဆောင် = အောင်ထွန်းလေး

16. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသား = ဦးကျောက်လုံး

17. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသမီး =ဒေါ်မေနွဲ့

18. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ

19. ပထမဆုံး နိုင်ငံခြားသွား ဆိုင်းဆရာ = စိန်ဗေဒါ

20. ပထမဆုံး ကာလပေါ်ဝတ္ထုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင်မမယ်မ ၀တ္တု)

21. ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့် ဒေါ်စန်း

22. ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ = ဦးဖေမောင်တင်

23. ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ကထိက = ဒေါက်တာဘမော်

24. ပထမဆုံး စတီရီယို အဆိုတော် = တက္ကသိုလ်ထွန်းနောင်

25. ပထမဆုံး လေသူရဲ = မီးပုံးပျံ ဦးကျော်ရင်

26. ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်

27. ပထမဆုံး နယ်လှည့် ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်

28. ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၉၆၆)

29. ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန်(၁၈၉၀-၁၉၆၉) (ပြင်သစ်နှင့်ဂျာမနီပြန်)

30. ပထမဆုံး ညွှန်ကြားရေးမှူးချုပ် နှင့် အဏုမြူ စွမ်းအင် ဦးစီးဌာနတည်ထောင်သူ = ဒေါက်တာတင်လှိုင်

31. ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဦးဘကလေး(ရွှေတလေး)

32. ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ = ပညာမင်ကြီး စည်သူဦးကောင်း

33. ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်=ဒေါက်တာတင်မောင်

34. ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ-က-သ)၏ဥက္ကဋ္ဌ=ဦးရာရှစ်

35. ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ=စာရေးဆရာချစ်ညို (၁၉၂၄ - ၁၉၈၇)

36. ပထမဆုံး လူမှုထူးချွန် ပထမဆင့်ကို ရရှိသူ အမျိုးသမီး=ဟာဂျီမ ပျဉ်းမနားဒေါ်ပု(၁၉၀၆-၁၉၈၂)

37. ပထမဆုံး ဖလောရင့် နိုက်တင်ဂေးဆု ရရှိသူ =ဗိုလ်မှူးဒေါ်ခင်အုန်းမြ(ခေါ်) စာရေးဆရာမကြီး မြမာလာ

38. ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)


(မောင်သုတ)

ကောင်းလိုက်တဲ့ Parade :)

ကြည့်ထားကြနော် သူငယ်ချင်းများ...
ဘယ်လို ကျင့်ထားကြလဲမသိဘူး ... :)


(MM Soldier)

ရှေးဦး ကမ္ဘာ့သမိုင်း အကျဉ်းချုပ် (အေဒီမတိုင်ခင် ဘီစီ ကာလများ)

  1. ဘီစီ ၈၀၀၀ ခန့် - တရုတ်ပြည်တွင် အိုးစလုပ်။
  2. ဘီစီ ၇၀၀၀ ခန့် - ကျောက်သံပတ္တမြားများတွင် ကြေးနဲ့တွဲသုံး။
  3. ဘီစီ ၆၅၀၀ ခန့် - ဆာဟာရတောင်ပိုင်း - ပထမဆုံး အာဖရိက အိုးစလုပ်။
  4. ဘီစီ ၃၁၀၀ ခန့် - ဆူမာရီယန်များရဲ့ စာပေအရေးအသား စတင်ထွန်းကား။
  5. ဘီစီ ၃၀၀၀ ခန့် - အီဂျစ်မှာ အရုပ်စာရေးနည်း စတင်ထွန်းကား။
  6. ဘီစီ ၂၆၀၀ ခန့် - မက်ဆိုပိုတေးနီးယားမှာ အစောဆုံး ဖန်ပုတီး စလုပ်။
  7. ဘီစီ ၂၅၅၀ ခန့် - အီဂျစ်တွင် ပိရမစ်များ စတင်ဆောက်လုပ်။
  8. ဘီစီ ၂၀၀၀ ခန့် - ခရိကျွန်းတွင် မိနိုအန်တို့၏ ပုံသင်္ကေတစာရေးနည်း စပေါ်။
  9. ဘီစီ ၁၉၀၀ ခန့် - ဘေလီလိုနီးယားတွင် ဂီလ်ဂါမက်ရှ် ကဗျာရည် မော်ကွန်း စရေး။
  10. ဘီစီ ၁၇၈၀ ခန့် - ဟမ်မူရာဘီ၏ ကိုဓ ဥပဒေ ပြဌာန်း။
  11. ဘီစီ ၁၆၀၀- ၁၄၀၀ ခန့် - မီနိုအန် ခရိကျွန်းတွင် အက္ခရာစဉ်ဖြင့် စာစရေး။
  12. ဘီစီ ၁၅၀၀ ခန့် - အီဂျစ်တွင် ဖန်အိုးဖန်ခွက် စလုပ်။
  13. ဘီစီ ၁၂၀၀ ခန့် - အိန္ဒိယတွင် ဝေဒကျမ်း ပြုစု။
  14. ဘီစီ ၁၂၀၀ ခန့် - တမန်တော်မိုးဇက်၏ ပညတ်တော် ၁၀ ပါး။
  15. ဘီစီ ၁၁၀၀ ခန့် - ပိုလီနီရှန်းတို့၏ စာအရေးအသား အက္ခ္ခ္ခ္ခ္ခရာ စထွင်။
  16. ဘီစီ ၁၀၀၀ ခန့် - တရုတ် မှင်ရေးဆေးခြယ် အတတ်စတင်။
  17. ဘီစီ   ၉၀၀ ခန့် - ဂရိတွင် အပိန်၊ အဖောင်း ၊ အထု၊ အရှည် ပုံသွင်းသောအိုးများ စလုပ်။
  18. ဘီစီ   ၇၇၆ ခန့် - အိုလံပစ် အားကစားများ စတင်ကျင်းပ။
  19. ဘီစီ   ၇၅၀ ခန့် - ကဗျာဆရာကြီး ဟိုးမားက အီလီယက်နှင့် သြဒက်စီ ကဗျာကြီး ရေးသား။
  20. ဘီစီ   ၆၀၄- ၅၃၁ ခန့် - တာအိုဝါဒကို တည်ထောင်သူ တရုတ်ပညာရှိ လောက်ဇူ။
  21. ဘီစီ   ၆၀၀ ခန့် - မာယန်တို့က တစ်ကယ်လ်တွင် ဘုရားကျောင်းများ ဆောက်လုပ်။
  22. ဘီစီ   ၅၈၅ - အနောက်တိုင်းတွင် ပထမဆုံး တွေးခေါ်ပညာရှင်ဟု ယူဆရသူ သေးလိစ် က နေစင်္ကြာဝဠာ၏ လှည့်ပတ်သွားလာပုံကို စတင်ဟောကိန်းထုတ်။
  23. ဘီစီ   ၅၇၀ ခန့် - အီစွတ်ပုံပြင်များ စပေါ်။ ဂ၇ိကဗျာဆရာမ ဆပ်ဖို ကွယ်လွန်။
  24. ဘီစီ   ၅၆၃- ၄၈၃ ခန့် - သိဒ္ဓတ္ထဂေါတမ ဗုဒ္ဓဘုရား။
  25. ဘီစီ   ၅၅၁- ၄၇၉ - ကွန်ဖြူးရှပ်။
  26. ဘီစီ   ၅၅၀ ခန့် - ပါရှားတွင် ဇရသုတ္ထရ၀ါဒ ထွန်းကား။
  27. ဘီစီ   ၅၂၅- ၄၆၅ ခန့် - ဂရိပြဇာတ်ဆရာ အက်စကီးလပ်စ်။
  28. ဘီစီ   ၅၀၀ ခန့် - ဒယ်လ်ဖီတွင် ပွဲကြည့်စင်ကြီးဆောက်။
  29. ဘီစီ   ၄၉၆- ၄၀၆ - ဂရိပြဇာတ်ဆရာ ဆိုဖိုကလိစ်။
  30. ဘီစီ   ၄၈၄- ၄၀၆ - ဂရိပြဇာတ်ဆရာ ယူရီပီးဒက်စ်။
  31. ဘီစီ   ၄၂၇- ၃၄၇ - တွေးခေါ်ပညာရှင် ပလေတို၊ ဘီစီ ၃၉၇ တွင် အေသင်တွင် အကယ်ဒမီထောင်။
  32. ဘီစီ   ၃၉၉ - ဆိုကရေးတီး အဆိပ်သောက်သေရန် အပြစ်ပေးခံရ။
  33. ဘီစီ   ၃၉၅ - သူစီဒီးဒက်စ် ၏ ပေလိုပိုနီးရှန်း စစ်သမိုင်းကျမ်း ထွက်။
  34. ဘီစီ   ၃၇၂- ၂၈၉ - တရုတ်တွင် တွေးခေါ်ပညာရှင် မင်စီယပ်စ်က ကွန်ဖြူးရှပ်ဝါဒ ချဲ့ထွင်။
  35. ဘီစီ   ၃၅၀ ခန့် - အိန္ဒိယတွင် မဟာဘာရတ ကဗျာရှည် ထွက်ပေါ်။
  36. ဘီစီ   ၃၄၁- ၂၇၀ - ဂရိတွေးခေါ်ပညာရှင် အက်ပီကူးရပ်စ်။
  37. ဘီစီ   ၃၄၀ ခန့် - အရစ္စတိုတယ် ဂီတသီအိုရီများ ဖေါ်ထုတ်။
  38. ဘီစီ   ၃၃၅ - အရစ္စတိုတယ် အေသင်မြို့တွင် လိုင်ကီယွန် ပညာရေးအဖွဲ့တည်ထောင်။
  39. ဘီစီ   ၃၃၀ - မဟာအလက်ဇန်းဒါး အောင်နိုင်တန်ခိုးထွားသည့် ဟယ်လင်နစ်ခေတ်အစ။
  40. ဘီစီ   ၃၂၀ ခန့် - ဂျော်ဒန်နိုင်ငံ ပက်ထရာတွင် နာဘာတေရန် ကျောက်ဂူအတွက် ကျောက်များကိုထွင်း။
  41. ဘီစီ   ၃၀၀ ခန့် - အလက်ဇန်းဒရီးယားတွင် မဟာစာကြည့်တိုက်ကြီး ထူထောင်။
  42. ဘီစီ   ၂၅၆ - အိန္ဒိယနိုင်ငံ မောရိယအင်ပါယာတွင် ဗုဒ္ဓ၀ါဒသည် နိုင်ငံတော် ဘာသာဖြစ်လာ။
  43. ဘီစီ   ၂၅၀ ခန့် - အိန္ဒိယတောင်ပိုင်းတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကား။
  44. ဘီစီ   ၂၁၅ ခန့် - တရုတ်တွင် မဟာတံတိုင်းကြီး စတင်တည်ဆောက်။
  45. ဘီစီ   ၂၁၀ ခန့် - အိန္ဒိယမြောက်ပိုင်းတွင် မဟာယာန ဗုဒ္ဓဘာသာ ထွန်းကား။
  46. ဘီစီ   ၂၀၀ ခန့် - ဟီဗရူးကျမ်းစာမှ စာသားများပါဝင်သော ပေစာလိပ်များ ပင်လယ်သေအနီး တွေ့ရှိ။
  47. ဘီစီ   ၁၉၅- ၁၅၉ - ရောမပြဇာတ်ဆရာ တားရန့်စ်။
  48. ဘီစီ   ၁၃၆ - တရုတ်အစိုးရ ကွန်ဖြူးရှပ်ဝါဒကို လက်ခံအသုံးပြု။
  49. ဘီစီ   ၁၂၀ ခန့် - ဗီးနပ်စ်နတ်သမီး ရုပ်တု ထုဆစ်။
  50. ဘီစီ    ၇၀- ၁၉ - ရောမ ကဗျာဆရာ ဗာဂေးလ်။
  51. ဘီစီ    ၅၉- ၁၇ - အီတလီသမိုင်းဆရာ လေဗီ ရောမသမိုင်းကျမ်း ပြုစု။
  52. ဘီစီ    ၅၀ ခန့် - အိန္ဒိယတွင် ဘဂ၀ါဂီတကျမ်း ထွက်ပေါ်။
  53. ဘီစီ    ၂၄ - ဟိုးရေ့စ် ၏ ပထမဆုံး ကဗျာကျမ်း အိုဒက်စ် ထွက်ပေါ်။
  54. ဘီစီ      ၄ ခန့် - သာမန်ကာလခေတ် ၃၀ ခန့် - ယေရှုခရစ်။
(မောင်သုတ)

လွှတ်တော် (Parliament) ဟူသည်

လွှတ်တော် ဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက် ဥပဒေပြုရေးအာဏာကို ကျင့်သုံးရာ နေရာဌာန ဖြစ်သည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသည် ဖြစ်စေ၊ မကျင့်သုံးသည် ဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းထားသည့် နိုင်ငံတိုင်းတွင် လွှတ်တော်ကို ဖွဲ့စည်းရစမြဲ ဖြစ်သည်။

မြန်မာ့လွှတ်တော် အဆောက်အအုံ

သမိုင်းမှတ်တမ်းများအရ လွှတ်တော်တို့၏ အစမှ ဒီမိုကရေစီစနစ် နှင့် အတူ မွေးဖွားလာခြင်း ဖြစ်သည်။ အေသင် မြို့ပြနိုင်ငံတွင် ဒီမိုကရေစီစနစ် ကျင့်သုံးစဉ်က လွှတ်တော်အဖြစ် ရွေးကောက်ခံ နိုင်ငံသား ကိုယ်စားလှယ်များက တက်ရောက်ပြီး နိုင်ငံရေးရာ များ ဆွေးနွေးအဖြေရှာသည့် နေရာအဖြစ် သတ်မှတ်သည်။ မူလက တည်နေရာ အတည်တကျမရှိဘဲ မြို့တွင်းဈေးထပ်ရှိ မြေကွက်လပ်ကြီးတွင် ဆွေးနွေးကြသည်။ ထို့ကြောင့် ဆွေးနွေးပွဲ(ဖိုရမ်) ဆိုသည့် အသုံးအနှုန်းမှာ ဂရိဘာသာဖြင့် မြေကွက်လပ်ဖြစ်သည်။ နောင်တွင် ခေတ်သစ်ကမ္ဘာ၌  ဒီမိုကရေစီ ထွန်းကားလာခြင်းနှင့်အတူ တိုင်းပြည်၏ ဥပဒေပြုရေး အာဏာအတွက် ပြည့်သူ့ကိုယ်စားလှယ်များဖြင့် လွှတ်တော်များ ဖွဲ့စည်းလာခဲ့သည်။

ဗြိတိန်လွှတ်တော် အဆောက်အအုံ

ပါလီမန်ဒီမိုကရေစီ ကျင့်သုံးသည်ဖြစ်စေ၊ သမ္မတစနစ် ကျင့်သုံးသည်ဖြစ်စေ နိုင်ငံတော်တော်များများတွင် လွှတ်တော်နှစ်ရပ် ထားရှိသည်။
လူဦးရေအချိုးအစားအလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သည့်လွှတ်တော်ကို အထက်လွှတ်တော်ဟု ခေါ်သည်။ အထက်လွှတ်တော်၊ အောက်လွှတ်တော် ဟူသည့် အသုံးအနှုန်းများမှာ သတ်ဆိုင်ရာ နိုင်ငံများမှ ပြဌာန်းသည့် အမည်များမဟုတ်ဘဲ လူအများ နားလည်စေရန် အလွယ်တကူခေါ်သည့် အသုံးများဖြစ်သည်။ ဥပမာ အမေရိကန်၏ အထက်လွှတ်တော်ကို "ဆီးနိတ်" ဟုခေါ်ပြီး အောက်လွှတ်တော်ကို "ဟောက်စ်" (House of Representatives) ဟုခေါ်ကာ လွှတ်တော်နှစ်ရပ်ပေါင်းကို "ကွန်ဂရက်" (Congress) ဟုခေါ်သည်။ မြန်မာနိုင်ငံအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အောက်လွှတ်တော်ကို ပြည်သူ့လွှတ်တော်၊ အထက်လွှတ်တော်ကို အမျိုးသားလွှတ်တော်၊ နှစ်ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော် ဟုသတ်မှတ်သည်။
သို့သော် လူဦးရေနည်းပြီး နယ်မြေဧရိယာ ကျဉ်းသော နိုင်ငံများနှင့် တစ်ပါတီစနစ် နိုင်ငံများတွင် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များပါဝင်သော လွှတ်တော်တစ်ရပ်တည်းသာ ရှိတတ်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ မတိုင်မီ မ.ဆ.လ ပါတီ အုပ်ချုပ်စဉ်က ပြည်သူ့လွှတ်တော်တစ်ရပ်သာ ရှိခဲ့သည်။

လွှတ်တော်နှစ်ရပ်အတွက် အာဏာများ ခွဲဝေပေးပုံ၊ လုပ်ငန်းတာဝန်နှင့် သက်တမ်းမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပုံသေပြော၍မရ။ ထိုသို့ဖြစ်ရသည်မှာ ဖွဲ့စည်းပုံအခြေခံဥပေဒများပေါ် မူတည်သည်။ သို့သော် နိုင်ငံအများစုတွင် ပြည်သူတို့နှင့် ပိုနီးစပ်ခြင်း၊ ကိုယ်စားလှယ် ပိုများခြင်းတို့ကြောင့် အောက်လွှတ်တော်မှာ အာဏာပိုကြီးလေ့ ရှိသည်။ ဥပမာ ပါလီမန်ဒီမိုကရေစီ ကျင့်သုံးသည့် ဂျပန် အောက်လွှတ်တော်သည် ၀န်ကြီးချုပ်ရွေးကောက်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည်ထိ အာဏာရှိသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသေးလျှင် လွှတ်တော်သည် သမ္မတ၊ ၀န်ကြီးချုပ်များကို ရွေးကောက်ပေးရန် တာဝန်ရှိသည်။ ထို သမ္မတ၊ ၀န်ကြီးချုပ်တို့က တင်သွင်းလာသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို စိစစ်၍ အဆုံးအဖြတ် မဲပေးကာ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတို့ကို ပြုလုပ်ပေးရသည်။

လွှတ်တော်တစ်ရပ်၏ သက်တမ်းမှာ လွှတ်တော်အမတ်များ၏ သက်တမ်းဟု ဆိုနိုင်သည်။ နိုင်ငံအများစုမှာ ၄ နှစ်ဖြစ်ပြီး ထိုထက်လည်း ပိုတတ်သည်။ အမတ်တစ်ဦးအနေဖြင့် ပြည်သူတို့ ယုံကြည်လက်ခံသမျှ အကြိမ်အကန့်အသတ်မရှိ ရွေးခံနိုင်သည်။

လွှတ်တော်သည် သမ္မတ၊ ၀န်ကြီးချုပ် က တင်သွင်းလာသည့် ဥပဒေမူကြမ်းကို မဲပေးကာ ၃ကြိမ်တိုင် ပယ်ချနိုင်သည်။ ထို့ကြောင့် လွှတ်တော်သည် သမ္မတ (သို့မဟုတ်) ၀န်ကြီးချုပ် နှင့် မသင့်မြတ်လျှင် သမ္မတ၊ ၀န်ကြီးချုပ်သည် အခြေခံဥပဒေက အပ်နှင်းထားသည့် အာဏာအရ လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော်အသစ်ဖွဲ့စည်းရန် ရွေးကောက်ပွဲကျင်းပခွင့် ရှိသည်။

မြန်မာ့လွှတ်တော်အစ
လွှတ်တော်အစ ပုဂံက ဟုဆိုနိုင်သည်။ နရပတိစည်သူမင်းသည် ဘိုးတော် အလောင်းစည်သူ၊ ဘကြီးတော် မင်းရှင်စော၊ ခမည်းတော် နာရသူနှင့် နောင်တော် နရသိင်္ခတို့ ထီးနန်းစိုးစံစဉ် ဖြစ်ပွားခဲ့ကြသည့် အာဏာနှင့် စိတ်ဝမ်းကွဲပြားမှု၊ လုပ်ကြံမှုများကို သုံးသပ်မိဟန်ရှိသည်။ ထို့ကြောင့် နရပတိစည်သူမင်း မကွယ်လွန်မီကမင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော်သဖွယ် အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ နရပတိစည်သူတွင် သားတော် ၅ဦး ရှိသည့်အနက် မိဖုရားငယ်တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခကို ရွေးချယ်၍ ပုဂံထီးနန်း ဆက်ခံခွင့်ပေးပြီး နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအာဏာကို တစ်ဦးတည်း သိမ်းပိုက်ခြင်းမရှိဘဲ နောင်တော်ကြီး ၄ဦးနှင့် ခွဲဝေကာ အညီအညွတ် အုပ်ချုပ်ကြောင်း မြန်မာ့ရာဇ၀င်တွင် ရေးသားထားသည်။ ထိုအချိန်မှစပြီး ကုန်းဘောင်ခေတ် သီပေါမင်းပါတော်မူသည်အထိ ဆက်လက်ထိန်းသိမ်းခဲ့ကြသည်ကို တွေ့ရသည်။ လွှတ်တော်တွင် ၀န်ကြီးလေးပါးခန့်ကာ အုပ်ချုပ်သော ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်မှ အုတ်မြတ်စချခဲ့သည်ဟု ဆိုရမည်။ မြန်မာ့ အုပ်ချုပ်ရေးရာဇ၀င်ကို ပြန်ကြည့်လျှင် လွှတ်တော်အားကောင်းသောအခါတွင် ဘုရင်၏ တန်ခိုးအာဏာကို ဟန့်တားနိုင်ရုံသာမက ဘုရင်ကို ရွေးချယ်နိုင်သည်ထိ အာဏာရှိခဲ့သည်။ တခါတရံ လွှတ်တော်အင်အား နည်းပါးချိန်တွင် လွှတ်တော်သည် ဘုရင်၏ လက်ပါးစေသဖွယ်လည်း ဖြစ်လာခဲ့သည်။

(MM Soldier)

Related Posts Plugin for WordPress, Blogger...