"အမိစစ်တက္ကသိုလ်၏ ၅၁ ယောက်မြောက်သားများရဲ့ အတွေ့အကြုံနှင့် ခံစားချက်၊ သုတ၊ ရသ တို့ ဝေမျှရာ..."

စစ်ခွေးတကောင်ရဲ့ ပေးဆပ်မှုလား






" ဒါက ခင်ဗျားတို့ ပြောပြာနေတဲ့ စစ်ခွေးတကောင်ရဲ့ ပေးဆပ်မှု့လား "



ကျနော် တခုလောက်တော့မေးချင်တယ်...

ခင်ဗျား မငိုပဲနဲ့ မျက်ရည်တွေ ကျခဲ့ဖူးလားလို့..
ကျနော်ကတော့ ၀န်ခံပါရစေ.. စိတ်ဓါတ် ပျော့်ညံ့တယ်လို့ပဲပြောပြော..
ရင့်ကျင့်မှု့ မရှိဘူးလို့ပဲဆိုဆို...
ဟုတ်ကဲ့ ..
ကျနော် အားတင်းထားတဲ့ ကြားက မျက်ရည်တွေ ဝေခဲ့ဖူးတယ်..။

ဖြစ်တောင့် ဖြစ်ခဲ တဲ့ လူ့ဘ၀မှာ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တယ်လို့
မှတ်ယူထားတဲ့ သူတွေအတွက်တော့...
အသက်ကိုလောင်းကြေးထပ်ပြီး ခရီးဆက်နေတဲ့ စစ်သားတွေ အတွက်
ဒါတွေက မိုက်မဲ မှု့လို့များ သတ်မှတ်ကြမလား..။

ကျနော့်အမြင်လား
ရှင်းပါတယ်.. ဒါက ကျနော့်တိုင်းပြည်အပေါ် တာဝန်သိတတ်မှု့ပဲ။

အဲဒီတုန်းက တကယ်ကိုကြမ်းတမ်းတဲ့ စစ်ဆင်ရေးတခု..
ဒီစစ်ဆင်ရေး ရဲ့ အပြန်ခရီးမှာ အားလုံးနီးပါး အကောင်းပကတိ ပြန်မလာနိုင်ဖူးဆိုတာ
ကျနော်လဲ သိတယ် ..နောက်ပြီး ကျနော်ရဲ့ ရဲဘော်ရဲဘက် အားလုံးလဲ သိတယ်..
ဒါက သူငယ်ချင်းတွေ စုဝေးသွားတဲ့ အပန်းဖြေ ခရီးတခုမဟုတ်ခဲ့ဖူးလေ..။
တဦးတယောက် ဒါမှမဟုတ် အဲထက်ပိုတဲ့ တခုခုတော့ ပေးဆပ်ခဲ့ရမှာပဲ...

တပ်မှာရှိတဲ့ ရဲမေတွေက သူတို့ခင်ပွန်းအတွက် စိုးရိမ်ကြောင့်ကြတဲ့ အမူအရာတွေနဲ့
တဖွဖွ မှာကြားကြသလို လူပျိုရဲဘော်တွေအတွက်တော့ ဘုရားစာရွတ်ပြီး ရှေ့တန်းစစ်မြေပြင်ကို
ချီတက်ခဲ့ရတာပေါ့..

ဒါနဲ့..
သေရမှာ ကြောက်လို့လား လို့ ခင်ဗျား ကျနော်ကို မေးလာခဲ့ရင်တော့
ဟုတ်ကဲ့ ခပ်မြန်မြန်လေး ခေါင်းညိမ့်လိုက်မယ် ကျနော် လဲ သေရမှာ ကြောက်ပါတယ်
ဒါပေမယ့် ကျနော်တို့က စစ်သားလေ.. မနက်တိုင်းသစ္စာ(၄)ချက် ရွတ်ဆိုထားတယ်
"ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏"

စစ်မြေပြင်က အရမ်းကြမ်းတယ်...
နွေရာသီ ဆိုတော့..ရေငတ်တယ်...ရေချိုးဖို့ဆိုတာ တော့ တွေးမနေနဲ့
မျက်နှာသစ်ဖို့တောင် တပတ်မှ နှစ်ခါ လောက်ရယ်။
စားစရာလား
ဒါကိုမပြောခင် တခုလောက်တော့ မေးချင်တယ်..။
ခင်ဗျားဘ၀မှာ ဆီမရောတဲ့ သတ်သတ်လွတ် ဘယ်နှစ်ခါစားခဲ့ဖူးလဲလို့..
ထားလိုက်ပါ
ကျနော်က ကျနော်တို့ အငတ်ငတ်အပြတ်ပြတ်နဲ့ ဒုက္ခရောက်ခဲ့တဲ့ဘ၀ကို ဖောက်သည်ချ
ချင်လို့ ဒီစာကိုရေးတာမှ မဟုတ်တာ...။


အသိနဲ့ သတိကို ကိုယ်နဲ့မကွာ ဆောင်ကြဉ်းထားတဲ့ ကြားက
ဆုံးရှုံးသွားရတဲ့ စစ်သည်တွေ လနဲ့ချီလာတဲ့ အခါ တော်တော်လေးများလာတယ်...

ကိုယ်လက် အင်္ဂါဆုံးရှုံးလိုက်ရတဲ့ စစ်သည်တွေ
နေရာမှာ ပွဲချင်းပြီး အသက်စွန့်သွားရတဲ့ ရဲဘော်တွေ
အနားမသိဆေးမရှိလို့ ဒုက္ခ မျိုးစုံနဲ့ လမ်းမှာ ၀ိညဉ်ချုပ်ငြိမ်းသွားရတဲ့ ကျနော်ရဲ့ လုပ်ဖောက်ကိုင်ဖက်တွေ
ဒါတွေက ခင်ဗျားတို့ပြောပြောနေတဲ့ စစ်ခွေးတကောင်ရဲ့ ပေးဆပ်မှု့တွေလား..


မှတ်မှတ်ရရ..
အဲဒီထက် ပိုပြောရရင် မမေ့နိုင်တဲ့နေ့

ကျနော်တို့ စစ်ကြောင်းကလှုပ်ရှားဆိုတော
အဲ့နေ့က ကျနော်က ပွိုင့် ပြေးရမယ့်အလှည့်ပါ ဒီလမ်းက အန္တရယ် များတယ်
ညီလေးက ဘာမှ အတွေ့ အကြုံမရှိသေးဘူး ..အကိုပဲပွိုင့်ပြေးမယ်ဆိုပြီး ကျနော်ထက်
စီနီယာကျတဲ့ အကိုတယောက်က ကျနော်ကိုယ်စား သူပဲဦးဆောင်ပွိုင့်ပြေးတယ်
သိပ်မကြာလိုက်ပါဘူး " ဂျိမ်း "ဆိုတဲ့ အသံနဲ့ အတူ သူခြေထောက် တဖက် ဆုံးရှုံးသွားတယ်

သူ့နာမည်ပြောင်က ကိုဒိုကြီးတဲ့ ဘရာဇီး လက်ရွေစင်ဟောင်း (ရော်နယ်ဒို)
နာမည်ကို ယူပြီး အမည်တွင်ထားတာ ..
ဘောလုံးကန် သိပ်ကောင်းတာပေါ့
အခုတော့ သူ့ခြေထောက် တဖက်ပြတ်သွားရှာတယ်..
ဒီအတွက် သူ နောင်တရနေမယ် ထင်လား

သူ့ကို နောက်တန်းဆေးရုံကို ပြန်ပို့ခါနီးမှာ
စကားတခွန်းပြောသွားတယ် ..
"ညီလေး ကိုယ့်ခြေထောက်တဖက်ကိုကြည့်ပြီး အစစအရာရာ မပေါ့ဆနဲ့တဲ့
ဒါတွေက အကို့ ပေါ့လျော့မှု့ကြောင့် ဖြစ်ရတာ "ဆိုပြီး
သူ့အတွက်တောင် မစဉ်းစားပဲ ကျနော်တို့ စိတ်မချစွာနဲ့ မှာသွားတယ်

ဒါတွေကရော ကိုယ့်အတွက် မငဲ့ပဲ ညီရင်းအကိုထက်ပိုတဲ့ သံယောဇဉ်တွေနဲ့
ခင်ဗျားတို့ ပြောပြောနေတဲ့ စစ်ခွေးတွေရဲ့ စည်းလုံးညီညွှ့တ်မှု့လား


ကျနော်တို့တပ် စစ်ဆင်ရေး နားဖို့ အမိန့်ကျလာတော့ နောက်တန်း ပြန်ဝင်လာခဲ့တယ်..
ကျနော်အစက ပြောခဲ့သလိုပေါ့ ဒီစစ်မြေပြင်ကြီးမှာ တဦးတယောက် ဒါမှ မဟုတ် အဲထက်ပိုတဲ့
အရေအတွက် ပေးဆပ်ခဲ့ရမှာပဲဆိုတာလေ..
အခု.. တချို့သူတွေကို ကျနော်တို့ထားခဲ့ရပြီ...
တချို့သူတွေရဲ့ အနာဂတ်တွေက ဒုက္ခိတ ဆိုတဲ့ ဘ၀ကို မလိုချင်ပဲ လက်ခံလိုက်ရပြီ..
ပြီးတော့ သူတို့နဲ့ ဆက်နွယ်နေတဲ့သူတို့ရဲ့ ဇနီးမယားတွေ သားသမီးတွေရဲ့ အနာဂတ်ကရော
မုဆိုးမ အဖမဲ့ ဆိုတဲ့ ဘ၀တွေကို မလိုချင်ပဲ ရောက်ခဲ့ရပြီ..


တပ်ရောက်တော့ ရှေ့တန်းပြန်စစ်သည်တွေကို ညစာစားပွဲနဲ့ ဧည့်ခံကြတယ်..
ညစာစားပွဲဆိုပေမယ့် ထွေထွေ ထူးထူးကြီး မဟုတ်ဘူး
စစ်တပ်က ထုတ်ပေးတဲ့ အာမီ အရက်နဲ့ တိုလ်ီမိုလီ အမြည်းလေးပေါ့
ဒါပေမယ့် ကျနော်တို့ စစ်သည်တွေအတွက် ဒိလောက်နဲ့လဲ တင့်တိမ် ပျော်မွေ့နိုင်ကြတယ်.
ကျနော်တို့က အညတရ ဘ၀ပိုင်ရှင်တွေပဲ မို့လား..။

ညစာစားပွဲ မစခင်မှာ တပ်ရင်းမှု့က လူတယောက်ကို ဂုဏ်ပြုချီးမြင့်ဖို့ရှိတယ်လို့ပြောတယ်..
ဘယ်သူလဲဆိုတဲ့ အတွေးနဲ့ ကျနော်တို့ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့အချိန်မှာ
ဂျိုင်းထောင့်တဖက်ကို အားပြုပြီး ဖြေးဖြေးခြင်းလျှောက်လာတဲ့ လူတယောက်ကို ကျနော်တွေ့လိုက်တယ်
ဘယ်သူများပါလိမ့်..။ ပြီးတော့ သူတို့အပတ်စဉ်က ကျနော့်အကိုကြီးတွေ ပြေးဖက်တွဲခေါ်မှ
ကျနော်သိလိုက်ရတယ်... ကျနော်အတွက် အနစ်နာခံသွားတဲ့ ကိုဒိုကြီးပဲ ...
ကျနော်သူ့ကို အရပ်ဝတ်ကြီးနဲ့ အခုလိုမြင်လိုက်ရတော့ ရင်ထဲမှာ နင့်နေအောင်ခံစားရတယ်
ကျနော်အပြင် ဒီဧည့်ခံပွဲမှာ ရှိတဲ့ စစ်သည်အားလုံးရဲ့ရင်ထဲမှာလဲဒီတိုင်းပါပဲ..
သူကတော့ ပြုံးလျက်ပဲ..
ကျနော်ထင်ပါတယ် ဒီလိုဟန်ဆောင် အပြုံးတွေနဲ့ သူ့ဘ၀ကိုသူ နေတတ်ခဲ့အောင်
မနည်းကြိုးစားခဲ့ရမှာပဲဆိုတာ..။

ခဏကြာတော့
သူတို့ အပတ်စဉ်တူ အကိုကြီးက သီချင်းတပုဒ်ကို ထဆိုလိုက်တယ်.. ကျနော် သူငယ်ချင်း
ဒိုကြီးအတွက်ပါတဲ့...
တီးလုံး လာသံကြားတာနဲ့ အားလုံးရဲ့ရင်ထဲမှာ ဆို့နင့်စွာနဲ့ သီချင်းကို သံပြိုင်လိုက်ဆိုကြတယ်.

"အားလုံးပြီးဆုံးသွားတော့ ရင်တခုလုံး ကြေသွားလား ...ကိုယ်ချင်းစာပါတယ် ..
အို သူငယ်ချင်း သိပ်မဆန်းဘူး ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ...
ဆုံးရှုံးခြင်းက တို့တွေ ပြေးမလွတ်နိုင် မောပန်းလွန်းတဲ့ မင်းရဲ့ လိပ်ပြာလေး
ဖြေသိမ့်လိုက်..
ကံကြမ္မာဆိုတာက ချိုတလှည့် ခါးတစ်လှည့် အခုလဲ ...ဒီလိုပဲ
အောင်မြင်လိုက် ရှုံးနိမ့်လိုက် လဲကျတဲ့အခိုက် ကွဲခဲ့တဲ့ မင်းနှလုံးသား
အက်ကြောင်းလေးက အမြဲတမ်း အမှတ်တရပေါ့ ဆက်လျှောက်ရမယ့်
မင်းရဲ့ ဘ၀သစ်အတွက် ဖြေသိမ့်လိုက်
သူငယ်ချင်း... ရှေ့ဆက်မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ အောင်မြင်ပါစေ
တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ..."

ကျနော်သူ့ကိုကြည့်ပြီး အတွေးတွေ ၀င်လာတယ်
ဘောလုံးကန်နေတဲ့ သက်တူရွယ်တုတွေကို မြင်တိုင်း
သူ့ခြေထောက် သူပြန်ကြည့်ပြီး မျက်ရည်တွေဝေ နေမလား
သိမ်ငယ်နေရှာ မလား ဒါမှမဟုတ်..ရယ်ရယ်ပြုံးပြုံးနဲ့ သူခုံမင်တဲ့ ဘောလုံးပွဲတွေကို
လက်ခုပ်တီး ထိုင်အားပေးနေနိုင်မလား..
သူ့နေရာမှာ ကျနော်တို့ ခင်ဗျားတို့ ဆိုရင်ရော...


ကျနော်ကတော့ ၀န်ခံပါရစေ.. စိတ်ဓါတ် ပျော့်ညံ့တယ်လို့ပဲပြောပြော..
ရင့်ကျင့်မှု့ မရှိဘူးလို့ပဲဆိုဆို...
ဟုတ်ကဲ့ ..
ကျနော် အားတင်းထားတဲ့ ကြားက မျက်ရည်တွေ ဝေခဲ့ဖူးတယ်..။


(လွမ်းဝေ)

မှတ်ချက်။ ။ ဒီစာကို ဖတ်ပြီး စစ်ခွေးလို့ အော်နေတဲ့ ပါးစပ်တွေ ခဏလောက်ဖြစ်ဖြစ် ပိတ်သွားနိုင်ရင် ကျနော် ကျေနပ်ပါတယ်..။

3 comments:

  1. ဟုတ်ကဲ့ ကျွန်တော် တကယ်ကို ခံစား စာနာမိပါတယ်။ ကျွန်တော် က စစ်တပ်ကို မုန်းတဲ့သူ တစ်ယောက် မဟုတ်ပေမယ့် မချစ်တဲ့ သူတယောက်ပါ။ ဒါပေမယ့် စစ်သားတွေရဲ့ ဘ၀ကို တကယ်ကို စာနာ ကိုယ်ချင်းစာမိပါတယ်။ တကယ်တမ်းဝန်ခံရမယ်ဆိုရင် ကျွန်တော် တို့ရင်ထဲမှာ တိုင်းပြည်ရဲ့သားကောင်းတွေ ဖြစ်တဲ့ စစ်သားတွေကို လေးစားပြီးသားပါ။ အဲ့ဒီလို စစ်ခွေးလို့ ခေါ်တဲ့လူတွေရင်ထဲမှာလည်း အတိုင်းအတာတခုထိ လေးစားနေမယ်ဆိုတာ ပြောပါရစေ။ ဘာလို့လဲဆိုတော့ တခါတခါမှာ ကျွန်တော်တို့ရင်ထဲမှာ တိုင်းပြည်နှိမ့်ကျနေတာတွေ မတရားမှုတွေကို မခံစားနိုင်တဲ့ အခါ တရားခံ ကို ရှာမရပဲ ဒေါသအလျောက် အဲ့ဒီစကားလုံးကို သတိလက်လွတ်သုံးမိတဲ့အထဲမှာ ကျွန်တော်ပါခဲ့ဖူးလို့ပါပဲ။ ဒီစာလေးကို ဖတ်ပြီးတော့ ကျွန်တော် ခင်ဗျားတို့ကို အလေးပြုလိုက်ပါတယ်။ တကယ်တမ်းတော့ ကျွန်တော်တို့ တပ်မတော်ကိုချစ်ပါတယ်

    ReplyDelete
  2. အော်....ဖတ်ရင်းတောင် ငိုချင်ရလောက်အောင် ခံစားရတယ်ဆိုရင် လက်တွေ့မျက်မြင်တွေ့တဲ့သူသာဆို ဘယ်လို ခံစားရမလဲ....သူ့ရဲ့ ဟန်ဆောင်အပြုံးကို မြင်ရင် နောက်ကွယ်မှာ သူဘယ်လောက် ငိုခဲ့ပြီးပြီလဲဆိုတာ ကိုယ်ချင်းစာနိုင်ပါတယ်.....

    ReplyDelete
  3. တပ်မတော်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ကတည်းက ပေးဆပ်မှု ပေါင်းများစွာနဲ့ စတင်ခဲ့ကြတာပါ ။ဟိုတုန်းကလဲ ဒီအတိုင်းဘဲ ၊ ခုလဲ ဒီအတိုင်းဘဲ ၊ နောင်ကိုလဲ ဒီအတိုင်းပါဘဲ ။ဘယ်အစိုးရဘဲ တက်လာ တက်လာ မြန်မာ့တပ်မတော်ဆိုတာရှိကို ရှိနေရမှာ မလွဲပါဘူး ။မြန်မာ့ တပ်မတော်ဆိုတာ မရှိခဲ့ရင် ဘယ်တပ်မတော်ရောက်လာမလဲ ။ဒါဆို မြန်မာနိုင်ငံရော ဘာဖြစ်သွားမလဲ ။ တပ်မတော်ရဲ့ပေးဆပ်မှု တွေကို မမြင် မသိတဲ့သူ တွေကတော့ ပြောကြမှာပေါ့ဗျာ ။ကိုယ်တိုင်လဲ သိခဲ့ နားလည်ခံစားခဲ့ ဘူးတဲ့အတွက် ဂုဏ်ယူပါတယ် ။လေးစားပါတယ် ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...